မုံရွာ ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အလုံ) ကျောင်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများ၊ ဆန်နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် သက်ဆိုင်ရာဒေသများရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့ဥယျာဉ်တည်ဆောက်ရေး လုပ်ငန်းခွင်၌ ယာဉ်ရပ်နားရန်နေရာများ ဆောင်ရွက်နေမှု၊ အုတ်စီရေမြောင်းများ ဆောင်ရွက်ပြီးစီးမှု၊ ရင်ပြင်ပတ်လမ်းများ ကတ္တရာလမ်းများ ခင်းကျင်းနေမှု၊ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးပြီးစီးမှုနှင့် လျှပ်စစ်မီးတိုင်များ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


