မုံရွာ ၂၅  ဧပြီ

           

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်နှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

            

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက တိုင်းဒေသကြီးအတွင်း လေဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် တက်ရောက်လာသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ သဘာဝဘေး အန္တရာယ်လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးကော်မတီ၊  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊  သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရေးအား အရှိန်အဟုန်မြှင့်ကာ ပြည်သူလူထုပူးပေါင်းပါဝင် လုပ်ဆောင်ရေး အထူးကြိုးပမ်း အကောင်အထည်ပေးကြစေကြောင်း အဖွင့်အမှာစကား ပြောကြာခဲ့ကြောင်း သိရသည်။

            

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်က သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြဆွေးနွေးရာ တက်ရောက်လာ ကော်မတီ(၁၂)ရပ်မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးရှင်းလင်းကြသည်။

 

ထို့နောက် အထွေထွေလိုအပ်ချက်များကို ဆက်လက်တင်ပြရာ  နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်တို့က ထပ်မံကာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

         

 "သဘာဝဘေးကြိုတင်ကာကွယ်ရေးရန်ပုံငွေအဖြစ်  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တစ်ခုကို ကျွန်တော်တို့ဌာနမှ နှစ်စဉ် ငွေကျပ်သိန်း(၁၀ဝ)စီထုတ်ပေးထားကြောင်း၊ ယခုလက်ရှိအခြေအနေထိ လေဘေး၊ရေဘေး၊မီးဘေး၊ငလျင်ဘေး၊မိုးကြိုးဘေး၊စသည့် သဘာဝဘေးများအနက် လေဘေးအများဆုံးဖြစ်ပွားလျက်ရှိပြီး သက်ဆိုင်ရာ သဘာဝေးဘေးဖြစ်ပွားသော အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးအစိုးအဖွဲ့နှင့်အတူ ထောက်ပံ့ငွေများနှင့် လူနေအိမ်အသုံးဆောင်ပစ္စည်းများကို အချိန်နှင့်တပြေးညီ ကူညီပေးလျက်ရှိပါကြောင်း၊ ပြည်သူများမှလည်း မိမိတို့ကော်မတီများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးပါ"စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ  သိရသည်။

 

 

ထွန်းကိုကို(ယင်းမာပင်)

 

1