မုံရွာ ၃ဝ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျောက်နှင့်မူးမြစ်၊ မြစ်သာမြစ်တို့ရှိ ဇလဗေဒစခန်းများကို Staff Gauge ဖြင့် တိုင်းတာနိုင်သောစခန်းများအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန (ဇလဗေဒဌာနခွဲ)နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦး၏ ပြောကြားချက်အရ သိရသည်။
''ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ မြစ်သာမြစ်နဲ့ မူးမြစ်အတွင်းမှာရှိတဲ့နေရာအားလုံးနည်းပါးကို တပ်ဆင်ပြီးသွားပြီး တစ်ခုနှစ်ခုလောက်ပဲ ကျန်တော့တယ်၊ မေလလလယ်လောက်ဆိုရင်တော့ အာလုံးပြီးစီးမှာပါ၊ Staff Gauge နဲ့ တိုင်းတာစနစ်တွေ တပ်ဆင်ပြီးသွားရင်တော့ မြစ်ရေအမှတ်တွေကို ဌာနက ဝန်ထမ်းတွေပြောမှ သိမှာထက် ကိုယ်ကိုတိုင်လည်း သွားပြီးတော့ အလွယ်တကူကြည့်နိုင်မှာဖြစ်တဲ့အတွက် ရေဘေးကာကွယ်ရေး၊ ရွှေ့ပြောင်းရေးလုပ်ငန်းတွေမှာ ပိုမိုထိရောက်မှုရှိနိုင်မှာဖြစ်ပါတယ်'' ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန (ဇလဗေဒ ဌာနခွဲ) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးက ပြောသည်။
Staff Gauge ဖြင့်တိုင်းတာသည့်စနစ်များ တပ်ဆင်ခြင်း လုပ်ငန်းများကို ချင်းတွင်းမြစ်ကြောင်း တစ်လျောက်ရှိ ခန္တီး၊ ကောင်းဟိန်၊ ထမံသီ၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ တွန်ခံ၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်တို့တွင် လည်းကောင်း၊ ဧရာဝတီမြစ်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ စစ်ကိုင်းနှင့်မြင်းမူမြို့တွင် လည်းကောင်း၊ မူးမြစ်အတွင်း ပင်လည်ဘူးမြို့တွင်လည်းကောင်း၊ မြစ်သာမြစ်အတွင်း သစ်ချောက်ကျေးရွာနှင့် ပြင်သာကျေးရွာတွင် လည်းကောင်း တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


