ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမှုအားကောင်း ခိုင်မာရန်အတွက် နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှသည်။ လွှတ်တော်များသည် နိုင်ငံသားပြည်သူများကို ကိုယ်စားပြုလျက် ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဥပဒေ၏ အကာအကွယ်ရယူ၍ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရန်နှင့် ဥပဒေ၏အကာအကွယ်ကို တန်းတူရရှိစေရန် လိုအပ်သည့် ဥပဒေသစ်များ အတည်ပြုပြဋ္ဌာန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
လွှတ်တော်များသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် ဥပဒေပြုရေးအာဏာအပြင် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ၍ အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို အပ်နှင်းရရှိထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဓိကတာဝန်ဖြစ်သော ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။
လွှတ်တော်အစည်းအဝေးများကျင်းပ
ဒုတိယအကြိမ် လွှတ်တော်များသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ၅ နှစ်သက်တမ်းဖြစ်ရာ ပြည်ထောင်စု လွှတ်တော်သည် ယခုဆိုလျှင် စတုတ္ထ (၁) နှစ်တာကာလကို ကျော်လွန်ဖြတ်သန်း ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပုံမှန် အစည်းအဝေး လေးကြိမ် ကျင်းပနိုင်ခဲ့ သည်။
ဥပဒေဆိုင်ရာကိစ္စရပ်များ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေ အသစ်များ ပြဋ္ဌာန်းခြင်းအပြင် လက်ရှိအာဏာတည်ဆဲဥပဒေများကို အမြဲမပြတ်ဆန်းစစ် လေ့လာကာ ၎င်းတို့အထဲမှ ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက် ခြင်း၊ ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင် ခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ၊ နယ်နိ မိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ လောင်းကစားဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တံတားကြီးများဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေ၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ မြန်မာ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ၊ မြေသိမ်း ဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ အပင် မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေ၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ မြန်မာနိုင်ငံဆေးပညာ ရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေ၊ အခြေခံပညာရေးဥပဒေ၊ သွင်းကုန် ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေ၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ စသည်ဖြင့် ဥပဒေ ၂၄ ခုကို အသစ် ပြဋ္ဌာန်းနိုင်ခဲ့သည့်အပြင် ဥပဒေ ၁၁ ခုကို ပြင်ဆင်နိုင်ခဲ့သည်။
ထိုဥပဒေများအနက် ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေများကို နှစ်စဉ် နှစ်တိုင်း ဘဏ္ဍာရေးနှစ်မစတင်မီ ပြဋ္ဌာန်းပေး နိုင်ခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁) နှစ်တာကာလ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်သတ်မှတ် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကော်မတီများဖွဲ့စည်းမှု
ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများတွင် ပါဝင်သော ကော်မတီဝင် ဦးရေ တူညီစွာပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနှင့် လွှတ်တော်အခွင့်အရေး ကော်မတီနှစ်ရပ်မှ သင့်လျော်သော ကော်မတီဝင်များဖြင့် ဖွဲ့စည်းသည့် လွှတ်တော်ကိုယ်စား လှယ်စိစစ်ရေးကော်မတီတို့ကို ဒုတိယ သက်တမ်း၏ ပထမပုံမှန် အစည်းအဝေး ကာလမှစ၍ လွှတ်တော်၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး လွှတ်တော် ဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်း များတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်နာယက၊ ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ရှိ ဥက္ကဋ္ဌများပါဝင်သော မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်တွင် စတင် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့(MPU) အစည်းအဝေး တစ်ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့သည်။
စာချုပ်များနှင့် သဘောတူညီချက်များ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း နိုင်ငံ တကာစာချုပ်များနှင့် သဘောတူညီချက် စုစုပေါင်း ၂၂ ခုကို လွှတ်တော်၌ ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။
Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကို လက်ခံ ကျင့်သုံးဆောင်ရွက်ရန်၊ အခြေပြစာချုပ်ငယ် (၂) ၏ အတည်ပြုစာချွန်လွှာအား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်၊ အာဆီယံ- ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အသက်ဝင်ရေးအတွက် အတည်ပြုကြောင်း အသိပေး အကြောင်းကြားစာကို စာချုပ်ဝင်နိုင်ငံအားလုံး သို့ ပေးပို့ရန်၊ အာဆီယံ - ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အား အတည်ပြုရန်၊ အာဆီယံတရားသူကြီး ချုပ်များကောင်စီက ဆွေနွေးညှိနှိုင်းသဘော တူပြီးဖြစ်သော အာဆီယံတရားသူကြီးများ ကောင်စီ ပဋိညာဉ်စာတမ်း အတည်ပြုနိုင်ရန် နှင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် စသည့် နိုင်ငံ တကာစာချုပ်များနှင့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ ရုံးသုံးမော်တော်ယာဉ် ငါးစီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ် ခွင့်ရရှိရေး၊ Protocol of 1988 relating to the International Convention for the Safety of Life at Sea, 1974 တွင် မြန်မာနိုင်ငံ က ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံ - မူဝါဒလုပ်ငန်းအဖွဲ့သို့ ဝင်ရောက်ရေး၊ အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် စတုတ္ထ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးနိုင်ရေးနှင့် အတည်ပြုနိုင်ရေး၊ အာဆီယံ ဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် တည်ထောင်သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးရေး၊ Memorandum of Underst-anding on the Improvement of Safety Standards and Inspection for Non – Convention Ships Within ASEAN Mem- ber States တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး၊ The Protocol of 1988 relating to the International Convention on Load Lines, 1966 (LL PROT 1988) တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး၊ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (IACA)ကို နိုင်ငံ တကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စ စသည့် နိုင်ငံတကာစာချုပ်များနှင့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။
ထို့အတူ အာဆီယံဒေသတွင်း မော်တော် ယာဉ်ဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် (APMRA) တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ သက်ကြီးရွယ်အိုအဖွဲ့အစည်းဆိုင်ရာ အာဆီယံ ဗဟိုဌာနထူထောင်ရေးစာချုပ်၊ Convention on Limitation of Liability for Maritime Claims, 1976 (LLMC 1976) နှင့် Protocol of 1996 to amend the Convention on Limitation of Liability for Maritime Claims, 1976 (LLMC PROT 1996) ၊ Inter-national Convention for the Unification of Certain Rules of Law Relating to Bill of Lading (“Hague Rules”) ၊ Hague Visby Rules နှင့် SDR Protocol ၊ ကမ္ဘာ့အကောက် ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသော အပြည်ပြည်ဆိုင်ရာ ကျိုတိုသဘောတူစာချုပ် (WCO Revised Kyoto Convention) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများ၊ အငယ်ဆုံး အသက် ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေး၊ Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေး ကိစ္စများကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။
ချေးငွေဆိုင်ရာကိစ္စရပ်များ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေများဖြစ်သည့် မြန်မာနိုင်ငံ၏ ဒေသတွင်း အခြေခံအဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရန် အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန် ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေ ရယူရန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းပေးရန်အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၁၀၁၆ ဒသမ ၈၁၈ ဘီလီယံ ချေးငွေရယူရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အလုံးစုံပြင်ဆင်မွမ်းမံခြင်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေ ရယူရန်ကိစ္စများကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန် ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျေးလက်လမ်းများ ဆက်သွယ် ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၁ ဒသမ ၂၀ ချေးငွေရယူရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေရယူရန်တို့ကိုလည်း ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။
ထို့အတူ ပညာရေးဝန်ကြီးဌာနမှ လူတိုင်း အကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရန်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များကို ပြုပြင်သန့်စင်သည့်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရ ထံမှ ODA ချေးငွေ ယူရို သန်း ၅၀ ချေးငွေရယူရန် စသည်ဖြင့် ပြည်တွင်း၊ ပြည်ပချေးငွေ ၁၁ ခုကို လွှတ်တော်၌ ဆွေးနွေးအတည်ပြုနိုင် ခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာလွှတ်တော်အနေဖြင့် နိုင်ငံတကာ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန် များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ဖွဲ့စည်းထားရှိသည်။ စတုတ္ထ (၁)နှစ်တာကာလ အတွင်း ASEAN Inter-Parliamentary Assembly (AIPA) အစည်းအဝေးများ၊ အလုပ် ရုံဆွေးနွေးပွဲများ ၁၂ ကြိမ်နှင့် Inter-Parli-amentary Union (IPU) အစည်းအဝေး သုံးကြိမ် စုစုပေါင်း ၁၅ ကြိမ် တက်ရောက်နိုင်ခဲ့သည်။
ထို့ပြင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (Joint Coordination Committee - JCC) အဖွဲ့ကို ၂၀၁၆ ခုနှစ် မေလ ၂ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ လွှတ်တော်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ ၏ အကူအညီပေးရေးအစီအစဉ်များကို အကျိုးရှိစွာ ရယူဆောင်ရွက်လျက်ရှိသည်။
အခမ်းအနားများ
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် လွှတ်တော်ဝင်းအတွင်း သဘင်ဆောင်၌ ကျင်းပခဲ့ပြီး ထိုအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ဒီမိုကရေစီအထိမ်းအမှတ်စာတမ်းများ ဖတ်ကြားဆောင်ရွက်ခဲ့သည်။
၂၀၁၉ ခုနှစ်သည် နိုင်ငံတကာပါလီမန် များအဖွဲ့ (IPU) တည်ထောင်မှု နှစ် ၁၃၀ ပြည့် မြောက်သည့် အခါသမယဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့ နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်း ရှိ ပါလီမန်များတွင် 130 Years of Empower-ing Parliamentarians ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် IPU နှစ် ၁၃၀ ပြည့် လှုပ်ရှားမှုအပါအဝင် အထိမ်း အမှတ်ပြပွဲတစ်ရပ် ခင်းကျင်းပြသခဲ့သည်။
ထို့ပြင် နိုင်ငံ၏ပုံရိပ်ကို စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူငယ်လူရွယ်များ၏ စိတ်ဓာတ်သဏ္ဌာန်တွင် ဒီမိုကရေစီ မျိုးစေ့ရှင်သန်းရေးကို ရည်ရွယ်ပြီး အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်စသည်ဖြင့် သတ်မှတ်၍ ဆုချီးမြှင့်မှုအစီအစဉ်များကို ထည့်သွင်း ကျင်းပခဲ့သည်။
ထို့အတူ ဒုတိယအကြိမ်လွှတ်တော်များ၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်တွင် လွှတ်တော်ဝင်းအတွင်း ကျင်းပခဲ့ပြီး ၎င်းအခမ်း အနားတွင် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
သုတေသနဆိုင်ရာဆောင်ရွက်ချက်များ
ပြည်ထောင်စုလွှတ်တော်သည် သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် Customer တစ်ဦးချင်း မေးခွန်းများ ဖြေကြားခြင်းနှင့် သုတေသနစာတမ်းတိုများ ရေးသားဖြန့်ဝေခြင်းတို့ကို အဓိက ဝန်ဆောင်မှုပေးလျက်ရှိသည်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း နိုင်ငံရေးဆိုင်ရာ စာတမ်းတို နှစ်စောင်၊ စီးပွာရေးဆိုင်ရာ စာတမ်းတို ငါးစောင်၊ ဥပဒေကြမ်း စာတမ်းတို သုံးစောင်၊ စာရင်းအင်းဆိုင်ရာ စာတမ်းတို လေးစောင်နှင့် အထွေထွေစာတမ်း တို ငါးစောင် စုစုပေါင်း ၁၉ စောင် ရေးသားပြုစု၍ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။
Westminster Foundation of Demo-cracy – WFD ၏ ပံ့ပိုကူညီမှုဖြင့် UK အောက်လွှတ်တော်မှ ကျွမ်းကျင်ပညာရှင်များ နှင့် မြန်မာလွှတ်တော်ရုံးများမှ သုတေသန ဝန်ထမ်းများ ပူးပေါင်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရုံးများမှ သုတေသနဌာနရှိ ဝန်ထမ်းများအတွက် သုတေ သနစွမ်းရည်ဆိုင်ရာ ဆွေးနွေးပွဲကို ပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အစီအစဉ်ဖြင့် ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေး ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာသင်တန်း တစ်ကြိမ်နှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုသင်တန်း နှစ်ကြိမ်၊ အခမ်းအနားမှူးသင်တန်း တစ်ကြိမ်တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်ကို ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဝန်ထမ်းများအတွက် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (Lea-rning and Development Plan) စစ်တမ်း မေးခွန်းလွှာများ (questionnaire) ဖြန့်ဝေကောက်ခံနိုင်ခဲ့ပြီး ရရှိသော အချက်အလက်များအရ ဝန်ထမ်းတစ်ဦးချင်းစီအတွက် လိုအပ်သော သင်တန်းများပေးနိုင်ရန် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
e-Parliament အကောင်အထည်ဖော်
e-Parliament စနစ်ကို အကောင်အထည်ဖော်ရာတွင် Hluttaw Intranet (Share Point) စနစ်ကို အသုံးပြုပြီး လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများ လုံခြုံလျင်မြန်စွာ ပေးပို့အသုံးပြုလျက်ရှိ သည်။ Hluttaw Intranet ကို လွှတ်တော် ကိုယ်စားလှယ်များသို့ ၂၀၁၉ ခုနှစ် မေလတွင် စတင်မိတ်ဆက်ပြီး ကော်မတီအလိုက် သုံးစွဲလျက်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ICT နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ အသုံး ပြုရာတွင် အခက်အခဲမရှိစေရေးအတွက် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှစတင်၍ ICT Helpdesk Counter ထားရှိပြီး လိုအပ်သည့် နည်းပညာအကူအညီများ ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များသည် နည်းပညာအကူအညီများကြောင့် ပိုမိုမြင့်မား တိုးတက်ကောင်းမွန်လာခဲ့သည်။ ထိုကဲ့သို့ လွှတ်တော်များ၊ ပြည်သူတို့၏ စိတ်ကူးအိပ်မက်များကို ပြည်သူတို့ကိုယ်စား အကောင်အထည်ဖော်ပေးနေသည့် လွှတ်တော်ကိုယ် စားလှယ်များ၏ စွမ်းဆောင်ရည်များ မြင့်မားလာသည်နှင့်အမျှ ပြည်သူတို့၏ မျှော်လင့်ချက်၊ လိုလားချက်များသည် ပြည့်ဝအောင်မြင်လာမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁) နှစ်တာကာလတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းပေးခြင်းနှင့် နိုင်ငံတကာ သဘောတူစာချုပ်များ၊ ချေးငွေများကို အတည် ပြုပေးခြင်း၊ သုတေသနဝန်ဆောင်မှုပေးခြင်း နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုကဲ့သို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကြီးသည် အခြားမဏ္ဍိုင်ကြီးများနှင့် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်ရင်း စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဂုဏ်ပြု ရေးသားတင်ပြလိုက်ရပါသည်။ ။
ဆောင်းပါး - နန္ဒာဝင်း ၊ ဓာတ်ပုံ - တာရာ


