စစ်တွေ နိုဝင်ဘာ ၁၀

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဗုဒ္ဓပြတိုက်ရှိ ဗုဒ္ဓဆင်းတုတော်များအား ဖူးမြော်၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး ပြတိုက်အတွင်း၊ အပြင် သန့်ရှင်းသာယာရေးနှင့် ပြတိုက်အတွင်း စနစ်တကျ ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် စစ်တွေမြို့ မင်းဂံရပ်ကွက်ဓမ္မာရုံ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံဈေး၊ မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ခန့်စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးတို့က စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စာအုပ်စာစောင်များ လာရောက်ဖတ်ရှုမှု၊ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုနှင့် စာကြည့်တိုက်အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)