စေတုတ္တရာ ၂၄ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ ကျောက်ခမောက်စေတီတော် (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း (၁၄)ရက်နေ့မှ တပေါင်းလပြည့်ကျော် (၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆွမ်းဆန်တော် လောင်းလှူပွဲကို မတ် ၂၄ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဗုဒ္ဓပူဇနိယ ဆွမ်းဆန်တော်လောင်းလှူပွဲကို စေတီတော်သာသနာ့ဗိမာန်၌ ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတသဗုဒ္ဓဏာမဖြင့် ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးမဏ္ဍလထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ဆောက်တည်ခံယူခဲ့ကြသည်။
ထို့နောက် ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုအတွက် အနုမောဒနတရား နာယူ၍ ရေစက်သွန်းချအမျှဝေခဲ့ကြသည်။ ဆက်လက်၍ ဘုရားပွဲတော်ကွင်းပြင်၌ ဗုဒ္ဓပူဇနိယ ဆွမ်းဆန်လောင်းလှူပွဲတော်သို့ ကြွရောက်လာကြသော စေတုတ္တရာမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


