၃  ဖေဖော်ဝါရီ

 

ပဉ္စငါးပါးလုံး အသုံးဝင်သော ပရဆေးပင်

 

အောင်မဲညိုပင်မှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် သဘာဝအတိုင်း ပေါက်နေသော ပဲမျိုးနွယ် အပင်ဖြစ်သည်။ အင်္ဂလိပ်လို Butterfly Pea Flower ဟု ခေါ်ပြီး အောင်မဲညို၊ အောင်မဲဖြူဟု နှစ်မျိုးရှိသော်လည်း အောင်မဲညိုဟုသာ အသိများသည်။ အောင်မဲဖြူ အပင်၏ အပွင့်အရောင်မှာ အဖြူဖျော့ရောင်ဖြစ်သည်။ အောင်မဲညိုအပင်၏ အပွင့်မှာ အပြာနုရောင်၊ အပြာရင့် ရောင်များဖြင့် လှပစွာပွင့်သည်။ အောင်မဲညိုမှာ ယခုအခါ အပြာရောင်သာမက ပန်းခရမ်းရောင်၊ ခရမ်းရင့်ရောင်၊ အုတ်နီခဲရောင်အထိ အရောင်ကွဲများ ရှိလာသည်။

 

သဘာဝအတိုင်းပေါက်သော အောင်မဲညိုပင်မှ အပွင့်များမှာ ပွင့်ဖတ်တစ်ထပ်တည်းသာ ရှိတတ်သည်။ ယခု အခါတွင်မူ ပွင့်ဖတ်နှစ်ထပ်၊ သုံးထပ်မျိုးများ ရှိလာနေပြီ ဖြစ်သည်။ မြန်မာပြည်တွင် ယခင်က စီးပွားဖြစ်စိုက် လေ့ရှိသော အပင်မျိုး မဟုတ်ခဲ့သော်လည်း ကျန်းမာရေး လိုက်စားသူ အတော်များများက စိတ်ဝင်စားလာသဖြင့် ယခုအခါတွင် စီးပွားဖြစ်စိုက်ပျိုးလာသော အပင်ဖြစ်သည်။

 

အောင်မဲညိုသည် မြန်မာဆေးကျမ်းများ၏ အလိုအရ အပွင့်၊ အရွက်၊ အခေါက်၊ အသီး၊ အမြစ်စသည့် ပဉ္စငါးပါးလုံး အသုံးဝင်သော ပရဆေးပင်ဖြစ်သည်။ ယခုအခါ အောင်မဲညို အပွင့်ခြောက်ကို အောင်မဲညို လက်ဖက်ရည်အဖြစ် အသုံးပြုလျက်ရှိသလို အပွင့်ခြောက်ကို အမှုန့်ပြု၍ အောင်မဲညို ကော်ဖီအဖြစ်လည်း သုံးစွဲနေပြီဖြစ်သည်။

 

အောင်မဲညိုပွင့်ခြောက်ကို လက်ဖက်ရည်ဖျော်ရာတွင် ဒေသမျိုးဖြစ်ပါက ပုံမှန်လက်ဖက်ရည်တစ်ခွက်စာတွင် အပွင့်ခြောက် ခုနစ်ပွင့်ခန့်ထည့်၍ ရေနွေးပူပူနှင့် နှပ်ထားရန်လိုပြီး နှစ်ထပ်မျိုး၊ သုံးထပ်မျိုး အပွင့်ခြောက်ဖြစ်ပါက ပုံမှန် လက်ဖက်ရည်တစ်ခွက်စာတွင် အပွင့် ခြောက် သုံးပွင့်ထည့်လျှင် လုံလောက်သည်။ အပွင့်ခြောက် အမှုန့်ဖြစ်ပါက ပုံမှန် လက်ဖက်ရည်တစ်ခွက်စာတွင် လက်ဖက်စားဇွန်း သုံးပုံတစ်ပုံခန့် ထည့်နှပ်ပြီး သောက်သုံးနိုင်သည်။ နှပ်ပြီးသော အောင်မဲညိုပွင့် လက်ဖက်ရည်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ပျားရည်၊ သံပရာရည်တို့ဖြင့်ရော၍ သောက်နိုင်သလို မရောဘဲလည်း တိုက်ရိုက်သောက်သုံးနိုင်သည်။

 

စီးပွားဖြစ် စိုက်ပျိုးခြင်း

 

ဤအပင်မှာ မြန်မာနိုင်ငံတွင် ယခုအထိ ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်စိုက်ပျိုးသော အပင်အမျိုးအစား မဟုတ်သေးပါ။ အပင်အရေအတွက် အနည်းငယ်စီသာ စမ်းသပ်စိုက်ပျိုးကြသော အပင်ဖြစ်သည်။ သို့ရာတွင် ကျန်းမာရေး လိုက်စားသောလူများကြား၌ အောင်မဲညိုပွင့်သည် ရောဂါအတော်များများအတွက် ကောင်းသည်ဟု တစ်ဆင့်စကားဖြင့် စိတ်ဝင်စားလာသည့် အပင်အမျိုးအစားဖြစ်သည်။ လူအမြောက်အမြား စိတ်ဝင်စား ကြသည်မှာ ပေါ်ပြူလာဖြစ်သည်ဟု ဆိုအပ်သော ရောဂါအကြီးစား ၂၀ ခန့်ကို ပျောက်ကင်းသက်သာစေသည် ဟူသော အချက်ကြောင့် ဖြစ်သည်။

 

ထိုသို့ စိတ်ဝင်စားလာ၍ ဈေးကွက်တွင် အောင်မဲညို အပွင့်ခြောက်၊ အောင်မဲညို အပွင့်မှုန့်များကို ထုပ်ပိုးမှုပုံစံ အမျိုးမျိုးဖြင့် ရောင်းချလာကြပြီး ဝယ်သူများကလည်း စိတ်ဝင်တစား ဝယ်ယူသုံးစွဲလျက်ရှိကြသည်။ နိုင်ငံတကာ ဈေးကွက်တွင် အပွင့်ခြောက်မှုန့် တစ်ဂရမ်ကို တစ်ဒေါ် လာခန့်ဖြင့် ရောင်းချလျက်ရှိသည်။

 

စိုက်ပျိုးနည်းစနစ်

 

အောင်မဲညိုပင်သည် အပင်ဖြစ်ထွန်းမှုကောင်းသည့် မာကျောသော နွယ်ပင်အမျိုးအစားဖြစ်သည်။ အပင် ဖြစ်ထွန်းမှုကောင်းသော်လည်း စနစ်တကျစိုက်လျှင် တစ်ပင်နှင့်တစ်ပင် ရောထွေးမှုမရှိအောင် ထိန်းသိမ်းနိုင်သော အပင်ဖြစ်သည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးလိုလျှင် အောက်ပါစနစ်များဖြင့် စိုက်ပျိုးနိုင်သည်။

 

စိုက်နည်းစနစ်နှင့် တစ်ဧကအပင်ဝင်ဆံ့မှု

 

(က) ၇' x ၈' စနစ် တစ်ဧက ၇၇၇ ပင်

 

(ခ) ၈' x ၈' စနစ် တစ်ဧက ၆၈၀ ပင်

 

(ဂ) ၈' x ၉' စနစ် တစ်ဧက ၆၀၅ ပင်

 

(ဃ) ၉' x ၉' စနစ် တစ်ဧက ၅၃၇ ပင်

 

(င) ၉' x ၁၀' စနစ် တစ်ဧက ၄၈၄ ပင်

 

(စ) ၁၀ ' x ၁၀' စနစ် တစ်ဧက ၄၃၅ ပင်

 

လက်တွေ့အတွေ့အကြုံအရ ၉' x ၉' စနစ်မှာ အပင် အကွာအဝေး ကျဲလွန်းသည်ကို တွေ့ရသည်။ ထို့ကြောင့် တစ်ဧက ၈' x ၉ ' စနစ်ကို အခြေခံ၍ ဆောင်ရွက်သင့်သည်။ မြေကောင်းလျှင် အပင်ချဲစိုက်၍ မြေသင့်လျှင် မစိပ်မကျဲ စိုက်ပြီး မြေညံ့ပါက အပင်စိပ်စနစ်ဖြင့် စိုက်ရန်ဖြစ်သည်။

 

သံဆန်ခါ ကာထားသော စည်းရိုးများတွင် ခြောက်ပေခြား တစ်ပင်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ထိုသို့ စိုက်ပျိုးလျှင် အပွင့်လည်း ရနိုင်သကဲ့သို့ စည်းရိုးလည်း အလွန်လှပနေမည်ဖြစ်သည်။ အပင်မှာ နှစ်ရှည်ပင်ဖြစ်၍ တစ်ပင်အတွက် ၅ ပေ၊ ၆ ပေ အမြင့်ရှိသည့် ခြမစားနိုင်သော ဝါး/မျောတိုင် တစ်တိုင် စိုက်ထူပေးရန် လိုအပ်သည်။

 

စိုက်ကျင်းတူးခြင်း

 

စိုက်ကျင်းများကို တစ်ပေ အကျယ်၊ တစ်ပေအနက် တူး၍ တစ်ကျင်းလျှင် နွားချေး၊ ကြက်ချေး တစ်ပြည်နှုန်းနှင့် ထည့်၍ အပေါ်ယံမြေနှင့် ရောစပ်ပြီး ကျင်းပြည့်အောင် ဖုံးရန်ဖြစ်သည်။ ကျင်းပြည့်အောင် ဖြည့်ပြီးပါက ရေဖြင့် နပ်အောင် နှပ်ထားရပါမည်။ တစ်ရက်ခန့် ရေနှပ်ပြီးပါက တစ်ကျင်းလျှင် မျိုးစေ့ နှစ်စေ့နှုန်းဖြင့် စိုက်ပျိုးရန်ဖြစ်သည်။ အပင်ပေါက်ရန် နှစ်ပတ်ခန့် ကြာတတ်သည်။ ပျိုးအိတ်တွင် ပျိုးပြီးမှလည်း စိုက်ပျိုးနိုင်သည်။ အပင်ငယ်ကို မြေချ၍ စိုက်ခြင်းက ပို၍ပင် သေချာပါသည်။

 

ပြုစုခြင်း

 

အပင်ငယ်များပေါက်လာပါက အပင်ငယ် ပတ်လည်တွင် ပေါင်းမြက်မရှိအောင် ရှင်းပေးခြင်း၊ အခါအားလျော်စွာ မြေဆွပေးခြင်းနှင့် အပင်ငယ်များမှ အညွန့်ထွက်လာပါက အမှီတိုင်ပေါ်သို့ တက်နိုင်ရန်အတွက် ပြုပြင်ပေးခြင်းများ ပြုလုပ်ရန်ဖြစ်သည်။

 

ထိန်းသိမ်းခြင်း

 

အောင်မဲညိုပင်မှာ ပိုးကျခြင်း၊ မှိုရောဂါကျခြင်းများ မရှိတတ်သဖြင့် မည်သည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးကိုမှ ဖျန်းရန်မလိုအပ်ပါ။ အထူးသဖြင့် ဤအပင်မှာ တစ်ပင်လုံး ဆေးဖက်ဝင်သောအပင် ဖြစ်ခြင်းကြောင့် အပင်သက်တမ်းတစ်လျှောက်လုံးတွင် မည်သည့် ဓာတုဗေဒဆေးကိုမှ မဖျန်းခြင်းသည် အကောင်းဆုံးဖြစ်သည်။

 

ဖူးပွင့်ခြင်း

 

အောင်မဲညိုပင်သည် သဘာဝအတိုင်း ကွဲကျသော အစေ့များမှ သဘာဝအားဖြင့် မိုးဦးကျတွင် အပင်ပေါက်လေ့ ရှိပြီး အပင်ကြီးများမှလည်း အရွက်သစ်များ ပြန်လည် ထွက်ပေါ်တတ်၍ ဇွန်လခန့်တွင် အပွင့်များ စတင် ပွင့်လေ့ရှိသည်။ အောင်မဲညိုပင်သည် ဇွန်လမှ အပွင့်စတင်ပွင့်ပြီး နိုဝင်ဘာလကုန်အထိ အဆက်မပြတ် ပွင့်လေ့ရှိသည်။

 

သဘာဝပေါက်ပင်များမှာ အစိုဓာတ် ရနိုင်သလောက် ကာလအထိသာ ပွင့်နိုင်သည်။ စနစ်တကျ စိုက်ပျိုးပြီး လိုအပ်သလို ပြုစုပေးလျှင် တစ်နှစ်ပတ်လုံး ပွင့်နိုင်ပါသည်။ မိုးများသည့် ဒေသများတွင်မူ မိုးရာသီ မိုးများချိန်၌ အပွင့်ထွက်အား လျော့နိုင်သည်။

 

အပွင့်ကို အခြောက်ခံခြင်း

 

အောင်မဲညိုပင်၏အပွင့်မှာ အပွင့်ပွင့်ပြီး တစ်ရက်သာ အပင်ပေါ်တွင် လှနေနိုင်သည်။ တစ်လခွဲခန့် ရှိချိန်တွင်မှ အသီးကင်း ထင်ရှားလေ့ရှိသဖြင့် အပွင့်စပွင့်ပြီး အသီးကင်း မဝင်မီ ဆွတ်ခူးပါက ထပ်ခါထပ်ခါ ပွင့်နိုင်သည်။ အသီးခံယူပါက တဖြည်းဖြည်း အပွင့်ထွက်မှု လျော့နည်းသွားသည်။

 

အခြောက်လှန်းရာ၌ နေရောင်ခြည်တွင် တစ်ရက်ခန့်လှန်းပြီးနောက် အခန်းအပူချိန်တွင် ခပ်ပါးပါးဖြန့်၍ လှန်းရန် လိုအပ်သည်။ သိမ်းဆည်းရာတွင် ကောင်းစွာခြောက်သွေ့မှ သိမ်းရန်ဖြစ်သည်။ အပွင့်အခြောက်များ လှပစွာရှိနေရန်အတွက်မူ အပွင့်အစိုကို သတင်းစာစက္ကူနှင့် အထက်အောက်ညှပ်၍လှန်းရန် ဖြစ်သည်။

 

အပွင့်ထွက်နှုန်း

 

အောင်မဲညိုပင် တစ်ပင်မှ ရာသီအစမှ ရာသီကုန်ချိန် အထိ အပွင့်ပေါင်း ၃၀ဝ မှ ၅၀ဝ ခန့်အထိ ပွင့်နိုင်ပါသည်။ မည်သည့်စနစ်ဖြင့် စိုက်သည်ဖြစ်စေ တစ်ဧကမှာ အပင် ၅၀ဝ ခန့် ဝင်ဆံ့မည်ဖြစ်သည်။ တစ်ပင်တွင် အပွင့် ၃၀ဝ မှ ၅၀ဝ အထိ ပွင့်နိုင်သော်လည်း သေချာသောဘက်မှ တွက်ပါက တစ်ရာသီ၌ အပင်တစ်ပင်မှ အပွင့် ၃၀ဝ ကို အနည်းဆုံး ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တစ်ဧက အပင် ၅၀ဝ မှ တစ်နှစ်တွင် အပွင့် ၅၀ဝ x ၃၀ဝ = ၁၅၀ဝ၀ဝ ကို အနည်းဆုံး ရရှိမည်ဖြစ်သည်။

 

ယနေ့ ရန်ကုန်ပေါက်ဈေးမှာ အောင်မဲညိုပွင့်ခြောက် တစ်ပွင့်လျှင် ကျပ် ၃၀-၄၀ ခန့် ရှိသည်။ ထိုဈေးနှင့်မတွက်ဘဲ တစ်ပွင့် ၁၀ ကျပ်ခန့်နှင့်တွက်လျှင်ပင် တစ်ဧကမှ ဝင်ငွေ ကျပ် ၁၅ သိန်း ရနိုင်မည်ဖြစ်သည်။ အပွင့်အရေအတွက်လည်း ပိုရမည်။ ဈေးနှုန်းလည်း ပိုရမည်ဆိုလျှင် ဝင်ငွေကို မှန်းဆနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုန်ကျစရိတ်နည်းပြီး သာမန်ထိန်းသိမ်းမှုဖြင့် စီးပွားဖြစ်နိုင်သော ဤအပင်ကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးရန် တိုက်တွန်းလိုပါသည်။

 

အောင်မဲညိုပွင့်ကို အသုံးပြုပုံ

 

အရှေ့တောင်အာရှနိုင်ငံများတွင် သာမန် အောင်မဲညိုအပင်မှ အပွင့်ခြောက်များကို အောင်မဲညို လက်ဖက်ရည် အဖြစ် ရာစုနှစ်များစွာကပင် အသုံးပြုခဲ့သည်။ ယခုအခါ၌မူ မူရင်းဒေသများမှ အခြားနိုင်ငံများသို့ တင်ပို့ပြီး အောင်မဲညို လက်ဖက်ရည်ကို နိုင်ငံများစွာ၌ သောက်သုံးနေပြီဖြစ်သည်။

 

အောင်မဲညိုပွင့်တွင်ပါသော ပွင့်ဖတ်များမှာ အပြာရင့် ရောင်ရှိသဖြင့် ရာစုနှစ်များစွာကပင် ဆိုးဆေးအဖြစ်လည်း အသုံးပြုခဲ့ကြသည်။ ယင်းအပြင် အစားအသောက်မျိုးစုံ၌ အပြာရောင်ရရှိရန်လည်း အသုံးပြုသည်။ တောက်ပသော အပြာရောင်ရှိသည့် အောင်မဲညိုပွင့်မှ ပွင့်ဖတ်လေးများကို သဘာဝလက်ဖက်ရည်တွင် ထည့်သွင်းသောက်သုံးကြပြီး အစားအသောက်များ ချက်ပြုတ်ရာတွင် အပြာရောင်ရစေ ရန်အတွက်လည်း ထည့်သွင်းအသုံးပြုကြသည်။

 

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အောင်မဲညိုပွင့် လက်ဖက်ရည်များကို ပျားရည်၊ လိမ္မော်ရည်တို့နှင့်ရော၍ ညစာအပြီးတွင် အချိုပွဲအဖြစ် သောက်ကြသည်။ ဟိုတယ်ကြီးများတွင် လည်းကောင်း၊ အားကစား လေ့ကျင့်ရေးစခန်းများတွင် အားကစားလေ့ကျင့်မှု ပြီးဆုံးချိန်၌ လည်းကောင်း အမောပြေလန်းဆန်းစေသော ဖျော်ရည်အဖြစ် သောက်ကြသည်။ ထိုင်းနိုင်ငံတွင် ယင်းဖျော်ရည်ကို “နမ်ဒေါ့အချန်” (nan dokarchan)ဟု ခေါ်သည်။

 

ရာစုနှစ်များစွာကပင် အရှေ့တောင်အာရှနိုင်ငံများတွင် သောက်သုံးခဲ့ကြသည့် အောင်မဲညိုပွင့် လက်ဖက်ရည်သည် ခရီးသွားလုပ်ငန်းတိုးတက်လာသည့် ယခုအချိန်တွင် မူရင်းဒေသများတွင်သာမက အခြား နိုင်ငံအများအပြားတွင်ပါ ထင်ရှားလာသည်။ သို့သော် အောင်မဲညိုပွင့် လက်ဖက်ရည်သည် စူပါမားကတ်များတွင် မရနိုင်ဘဲ Online shopping များတွင်သာ ရနိုင်သော ပစ္စည်းဖြစ်နေသည်။

 

အမေရိကန်ပြည်ထောင်စု၌မူ အစားအသောက်မျိုးစုံ ရောင်းချသောဆိုင်ကြီးများ၌သာ ရနိုင်သော လက်ဖက်ရည် ဖြစ်သည်။ အောင်မဲညိုပွင့်သည် 'မြေသင်းနံ့'၊ 'သစ်သားနံ့' ကဲ့သို့သော အနံ့ရှိပြီး Blue Curacao၊ green tea တို့နှင့် ဆင်တူသည်ဟု Bon Appetit Website တွင် ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့သည်။

 

အရောင်၏ ဂုဏ်သတ္တိများ

 

အောင်မဲညိုပွင့်မှထွက်သည့် ထင်ရှားသောအရောင်မှာ အပြာရင့်ရောင်ဖြစ်၍ အခြားသော အရောင်ပစ္စည်းများနှင့် မတူသည့်အချက်မှာ ပန်းပွင့်ခြောက်ကို ဖျော်သောရေ၏ pH အနိမ့်အမြင့်အပေါ် မူတည်၍ အရောင်ပြောင်းသွားခြင်း ဖြစ်သည်။ အပြာရင့်ရောင် လက်ဖက်ရည်ထဲသို့ လိမ္မော်ရည် အနည်းငယ် ထည့်လိုက်လျှင် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားမည်ဖြစ်သည်။ လိမ္မော်ရည်ကို ပို၍ပို၍ ထည့် လေ၊ ခရမ်းရောင်မှာ ပို၍ ပို၍ ရင့်လေဖြစ်သည်။

 

အနီ၊ အဖြူနှင့် ခရမ်းရောင်ရှိသော ခေါင်ရမ်းရွက်ကို အောင်မဲညိုပွင့်ဖျော်ရည်ထဲသို့ ထည့်လျှင် အပြာရောင်မှ အနီရောင်တောက်တောက်သို့ ပြောင်းသွားမည်ဖြစ်သည်။ ဤနည်းဖြင့် ကောက်တေးပါတီများတွင် ကောက်တေးစပ်သူများသည် ဧည့်သည်တော်များ၏ရှေ့၌ ဖျော်ရည်များ၏ အရောင်ကို လှည့်စားမှု အလွယ်တကူ ပြုလုပ်နိုင်သည်။ ကောက်တေးပွဲများတွင် အောင်မဲညိုပွင့် အခြောက်ကို ရေခဲတုံးစသည်တွင် ထည့်ထားပြီး ရေခဲများ တဖြည်းဖြည်း ပျော်သွားသောအခါ အရောင်မှာ တဖြည်းဖြည်း ပြောင်းသွားသည်ကိုလည်း တွေ့ကြရမည်ဖြစ်သည်။

 

အောင်မဲညိုပွင့်တွင်ပါသည့် သိပ်သည်းသော အပြာရောင်က ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး အဆိပ်ပြယ်စေသော (Antioxidant) သတ္တိရှိသည်ကို တွေ့ရသည်။ မက်မောစေသော အရောင်ဖြစ်၍ အလှကုန် မြောက်မြားစွာတို့တွင် အသုံးပြုလျက်ရှိပြီး အသားအရေ ကိုလည်း စိုပြည်စေသည်ဟု ဆိုသည်။ အောင်မဲညိုပွင့် တွင် Flavonoide နှင့် Quacetin ဓာတ်ပေါင်းများ ပါဝင်၍ အသားအရေကို စိုပြည်စေသည်ဟု ဆိုခြင်းဖြစ်သည်။

 

အောင်မဲညိုပွင့် လက်ဖက်ရည်ဖျော်နည်း

 

အောင်မဲညိုပွင့် အခြောက် သုံးပွင့်၊ ငါးပွင့်၊ ခုနစ်ပွင့် ခန့် ကိုဖြစ်စေ၊ အပွင့်ခြောက်မှုန့် လက်ဖက်စားဇွန်း သုံးပုံတစ်ပုံခန့်ကို ဖြစ်စေ ဖန်ခွက်အဖြူတစ်ခွက်တွင် ရေနွေးနှင့် ဖျော်ရမည်။ ရေနွေးကို အချိုပန်းကန် အကြီးစား တစ်ခွက်စာ သို့မဟုတ် ပုံမှန် ဖန်ခွက်တွင် ရေနွေး သုံးပုံ နှစ်ပုံခန့်ထည့်၍ တစ်ခုခုနှင့် ပိတ်ပြီး ၁၅ မိနစ်ခန့် ရေနွေးအေးသွားသည်အထိ ထားရမည်။ ရေအေးနှင့်ဆိုလျှင် အချိန် ကြာကြာ စိမ်ရပါမည်။ ၁၅ မိနစ်ခန့်ရှိလျှင် ပွင့်ဖတ်ထဲမှ အပြာရောင် ကုန်မကုန် ကြည့်ပြီး မကုန်သေးလျှင် နောက်တစ်ကြိမ် ရေနွေးဖြင့် ထပ်၍စိမ်ရမည်။ ငါးပွင့်မျှ ထည့်လျှင် အရောင်တောက် တောက် မဲနယ်ရောင်ကို ရပါမည်။

 

သုံးပွင့်၊ ငါးပွင့်စသည့် အရေအတွက်မှာ မိမိရလို သည့် အကျိုးကျေးဇူးကိုမျှော်မှန်း၍ ထည့်ရန်ဖြစ်သည်။ သတိပြုရမည်မှာ အောင်မဲညိုပွင့်မှ ရနိုင်သော အကျိုးကျေးဇူးသည် အကြိမ်ပေါင်းများစွာ စွဲ၍သောက်မှ ရနိုင်သည်ကို သိထားရန်ဖြစ်သည်။

 

နှစ်ပတ်ခန့် စွဲမြဲစွာသောက်လျှင် ချက်ချင်း သိသာစေသော အကျိုးကျေးဇူးမှာ မျက်စိကြည်လာခြင်း၊ ဦးနှောက် အားကောင်း၍ စိတ်ဖိစီးမှု လျော့လာခြင်း၊ စိတ်တည်ငြိမ်လာခြင်း၊ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း၊ ဆီးချိုနှင့် သွေးတိုးကို လျော့ကျစေနိုင်ခြင်း၊ ဆီး ဝမ်းကောင်းခြင်း၊ အသားအရည် စိုပြည်လာခြင်းတို့ ဖြစ်သည်။ အောင်မဲညိုပွင့် လက်ဖက်ရည်ကို နေ့စဉ် မှန်မှန်သောက်သုံးပါက ပင်ပန်းနွမ်းနယ်မှု လျော့ကျနိုင်သကဲ့သို့ စိတ်တည်ငြိမ်အေးချမ်းမှုကို ရနိုင်သည်။ အကြောင်းမှာ အောင်မဲညိုပွင့် လက်ဖက်ရည်တွင် Antinflamatory ဂုဏ်သတ္တိနှင့် Analgestic ဂုဏ်သတ္တိများ ပါနေသောကြောင့် ဖြစ်သည်။

 

ဖော်ပြခဲ့သလို ကျန်းမာရေးအတွက်ရော၊ ဝင်ငွေရရှိ စေရန်အတွက်ပါ အကျိုးပြုနိုင်သည့် အောင်မဲညိုပင်ကို တစ်ပိုင်တစ်နိုင်အနေဖြင့် လူတိုင်း၏ နေအိမ်တိုင်းတွင် ငါးပင်၊ ၁၀ ပင်ခန့် စိုက်ပျိုးထားလျှင်ပင် အိမ်ဝိုင်းလည်းလှ၊ ဝင်ငွေလည်းရပြီး ကျန်းမာရေးသုခပါ ပြည့်စုံစေမည်ဖြစ်၍ အောင်မဲညိုပင်ကို လူတိုင်း အိမ်တိုင်း စိုက်ပျိုးကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ ။

 

အောင်စိုး - စိုက်ပျိုး(၁၀၇)