ရန်ကုန် မေ ၁၈
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသော ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက အစားအစာမဟုတ်သော ပစ္စည်းများ၊ ရေသန့်နှင့် ဆေးဝါးများကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မေ ၁၅ ရက်မှ စတင်ကာ ကုန်တင်ယာဉ် (၃)စီးဖြင့် စစ်တွေမြို့သို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်နေပြီ ဖြစ်သည်။
အဆိုပါ ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်အဖွဲ့သည် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို ကြည့်ရှုလမ်းညွှန်ပေးခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့မည့် ကယ်ဆယ်ရေးပစ္စည်းများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်၊ လက်သန့်ဆေးရည်၊ မိသားစုသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကလေးမွေးဖွားသန့်စင်သုံးပစ္စည်းများ၊ နှာခေါင်းစည်းများ၊ ရေသန့်စက်နှင့် ရေသန့်ဆေးများ၊ ဆေးပစ္စည်းများနှင့် ဓာတ်ဆားများကို ကနဦး ပို့ဆောင်လျက်ရှိပြီး စားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရန်နှင့် ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်နိုင်ရန် ချိတ်ဆက်ညှိနှိုင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း


