(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အခြေအနေ
၁။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ အရှေ့မြောက်ဘက် မိုင်(၁၆၀)ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့(Bogura)၏ အရှေ့တောင်ဘက် (၁၀) မိုင်ခန့်၊ ဒါကာမြို့(Dhaka)၏ အနောက်မြောက် ဘက် (၈၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။
နောက်(၉)နာရီအတွင်းခန့်မှန်းချက်
၂။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၉)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
၃။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် နောက်(၂၄) နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
မြေပြင်လေတိုက်ခတ်နိုင်မှုအခြေအနေခန့်မှန်းချက်
၄။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN)၏ အကြွင်းအကျန် တိမ်တိုက် များကြောင့် နောက်(၂၄)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိ နိုင်ပါသည်။
အသိပေးနှိုးဆော်ချက်
၆။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးသွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေး အနေဖြင့်လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန


