(၂၀၂၂ ခုနှစ်၊ မေလ  ၁၁  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

======================

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ(Asani)” အခြေအနေ

 (၁)  ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ (Asani)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊  ကာကီနာဒါမြို့(Kakinada)၏ အနောက်တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အနောက် တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အနောက်တောင် ဘက် ရေမိုင်(၂၇၅) မိုင်ခန့်၊ ပူရီမြို့(Puri)၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်ဘက် ရေမိုင်(၇၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ (Asani)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ (Asani)”သည် မြန်မာ စံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၆.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ (၅၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ (Asani)”သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ နာဆာပူ၊ ယနမ်၊ ကာကီနာဒါ၊ တူနီနှင့် ဗီဆာကာပတ္တနမ်ကမ်းခြေများတစ်လျှောက်သို့ ရွေ့လျားနိုင်ပြီးနောက် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းရိုးတန်းအနီး)သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ(Asani)”သည် (၁၂.၅.၂၀၂၂) ရက်နေ့တွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ (၁၃.၅.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ  မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့်ရှိ နိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “အာစန်နီ(Asani)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Crd>>>မိုး/ဇလ