နေပြည်တော် ၂၅   ဧပြီ

 

ဆည်ကြီးများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ကာကွယ်တုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးလှကျော်၊ ဦးစိုးအောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆည်တမံများအနေဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးသာမက ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေချိုရှားပါးမှု ပြဿနာကို ကာကွယ်ပေးနိုင်ရေးတို့အတွက် အကျိုးပြုနိုင်ရေး မျှော်မှန်းဆောင်ရွက်ခဲ့သည့်နည်းတူ ဆည်များ တည်ဆောက်စဉ်က ဒေသရေမြေဖြစ်တည်မှု၊ ယင်းဒေသ၏ ရာသီဥတုမိုးရေချိန်နှင့် သဘာဝဘေးဖြစ်ပေါ်နိုင်မှု အခြေအနေများအပေါ်ပညာရှင်များက စနစ်တကျ စိစစ်တွက်ချက်ပြီး စီမံခန့်ခွဲမှု၊ ထိန်းသိမ်းကြပ်မတ်မှုလုပ်ငန်းများထည့်သွင်း ဆောင်ရွက်ထားပါကြောင်း၊

 

ဆည်တမံကြီးများသည် မြေအောက်ရေမြင့်တက်စေခြင်းနှင့် ရေချိုသယံဇာတတိုးပွားစေခြင်းများ အကျိုးပြုနိုင်သော်လည်း အခြားတစ်ဘက်တွင်လည်း ငလျင်ကြီးများအပါအဝင် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများအပေါ် ပညာရှင်များ၏ အကြံဉာဏ်များကိုရယူပြီး ကြိုတင်ကာကွယ်မှုအစီအစဉ်များ ရေးဆွဲဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီး ဆည်များ၏ကြံ့ခိုင်မှု ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် ရာသီဥတုသက်ရောက်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ဒေသတာဝန်ရှိသူများ၊ ဒေသနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံမှုအတွက် ကြိုတင်ကာကွယ်ရေး၊ လျင်မြန်စွာတုံ့ပြန်ရေး၊ ထိရောက်သည့် တုံ့ပြန်မှုနည်းလမ်းများဖြင့် ပြည်သူများအပေါ် အကျိုးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ဆည်တမံကြီးများ တည်ဆောက်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးနှင့် သက်ရောက်နိုင်သည့် ဆိုးကျိုးများအနည်းဆုံးဖြစ်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဆည်တာတမံများ၏ ကြံ့ခိုင်မှုနှင့်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၏ အချက်အလက်များကို အသုံးပြု၍ ဆည်ဝန်းကျင်ရှိရပ်ရွာလူထုအား ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှုအရေးပေါ် တုံ့ပြန်မှုတို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

 

ဝန်ကြီးဌာန(၂)ခုတည်းနှင့်လည်း ဆောင်ရွက်၍မရပါကြောင်း၊ အခြားဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆည်များအတွင်း နုန်းပို့ချမှုလျော့နည်းစေရန်အတွက် ဆည်၏ ရေဝေရေလဲဒေသများတွင်၊ သစ်တော သစ်ပင်များ ပြုစုစိုက်ပျိုးဖြစ်ထွန်းရေး တို့ကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

 

တမံများမှစီးဆင်းလာသော ရေလမ်းကြောင်းရှိမြောင်း၊ ချောင်းများတစ်လျှောက် တွင်လည်း ရေကြမ်းပြင်မြင့်တက်မှုမရှိစေရေး ရေလမ်းကြောင်းများပြုပြင်တူးဖော်ရန်လည်း အရေးကြီးပါကြောင်း၊ လုပ်ငန်ဆက်စပ်မှုများအရကြိုတင်ကာကွယ်မှုများကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဘက်ကလည်း ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အပေါ် ထိရောက်သော တုံ့ပြန်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တည်ဆောက်ပြီး ဆည်တမံများအား သဘာဝဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးကြကြောင်း သိရသည်။

 

(သတင်းစဉ်)