နေပြည်တော် ၄ မတ်
ဆဋ္ဌမအကြိမ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို မတ် ၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဂျပန်နိုင်ငံ၊ ကုလသမဂ္ဂရေးရာဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာဆာတိုအိုတာကာတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်၊ ရခိုင် ပြည်နယ်အရေးကိစ္စ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၊ လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အမြဲတမ်းအတွင်းဝန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ပါလီမန်နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီး မစ္စတာနိုရီကာဇူဆူဇူကီး အား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကာ ရခိုင် ပြည်နယ်အတွင်း မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများတွင် ဂျပန်နိုင်ငံမှ ပံ့ပိုးဆောင်ရွက်နေမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ အမြဲတမ်းအတွင်းဝန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာရှိဂဲကိတာကာဇာကီ နှင့် သီးခြားတွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အရာထမ်းများလိုက်ပါသွားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


