ဩဂုတ် ၈

ဆူဒန်နိုင်ငံအရှေ့ပိုင်း ပင်လယ်နီပြည်နယ်တွင် ယမန်နေ့က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ၁၃ ဦး ထက်မနည်းသေဆုံးပြီး အခြား ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမတော်တဆမှုသည် ဆူဒန်ဆိပ်ကမ်းမြို့မှကတ်စာလာမြို့သို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ခရီးသွားဘတ်စ်ကားတစ်စီး မောင်းနှင်နေစဉ် ကုန်တင်ယာဉ်တစ်စီးနှင့် တိုက်မိခဲ့ရာမှဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းသည် ယာဉ်မောင်း၏ပေါ့ဆမှု၊ အရှိန်လွန်မောင်းနှင်ခြင်း တို့ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများကောင်းမွန်မှုမရှိခြင်းနှင့် ခေတ်နောက်ကျသော မော်တော်ယာဉ်များ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံအတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားလေ့ရှိသည်။

ယမန်နှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကလမ်းကြောင်းများ သိသိသာသာပျက်စီးမှုများရှိသဖြင့် ယာဉ်မောင်းများသည် အခြားလမ်းကြောင်းများကို အသုံးပြုနေရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို