ပေကျင်း ဇူလိုင် ၂၂
တရုတ်နိုင်ငံသည် စီးပွားရေးစင်္ကြံစီမံကိန်းအရ နိုင်ငံစုံဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကာ သာတူညီမျှရှိသည့်အနာဂတ်ကို ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဂျီကန်က ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။
စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ယခုအချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ် တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ ယူရေးရှားမှ အာဖရိကနှင့် လက်တင်အမေရိကဒေသများအထိ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုအပြင် အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုနှင့် ဒေသခံအချင်းချင်း ချိတ်ဆက်မှုများ ဆောင်ရွက်ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များသည် နိုင်ငံပေါင်း ၁၅၀ ကျော်မှ နိုင်ငံသားများအတွက် အကျိုးပြုခဲ့ကြောင်း ဂါအိုဂျီကန်ကပြောကြားသည်။
စီးပွားရေးစင်္ကြံစီမံကိန်းအရ ဂျကာတာ ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၊ တရုတ်-ဥရောပ ကုန်ရထားပြေးဆွဲမှုနှင့် အာဖရိကဒေသတွင် ဆိုလာစွမ်းအင်လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်ခဲ့ခြင်းမှာ အောင်မြင်မှုများဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်မှုနှင့် စက်မှုပူးပေါင်းဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုအဖြစ် ချဲ့ထွင်လာကာ နိုင်ငံတကာစက်မှုကွင်းဆက်ကို ပေါင်းစည်းပေးပြီး ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုနှင့် ခံနိုင်ရည်အားကို အကာအကွယ်ပေးရန်အတွက် နိုင်ငံများကို ကူညီထောက်ပံ့ပေးကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


