စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရှိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

 

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ တန်ဖိုး အမေရိကန်ဒေါ်လာ 254 သန်းကျော် ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ၊ နှမ်း၊ ဖရဲ၊ သခွား၊ တစ်သျှူးငှက်‌ပျော သစ်သီးဝလံများ၊ ရော်ဘာ၊ ကော်ဖီစသည့် နှစ်ရှည်သီးနှံ ထွက်ကုန်များ၊ သွပ်၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

 

ယခုရက်သတ္တပတ်တွင် ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ 32 သန်းရရှိပြီး ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယ်သာလန် အပါအဝင် နိုင်ငံပေါင်း (၂၀) သို့ (၅၇၆၅၉)တန်နှင့် နယ်စပ်မှ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံစခန်းများမှတန် (၃၉၆၀) တင်ပို့ခဲ့သည်။

 

ကမ္ဘာ့ဆန်စပါးဈေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန် ရောင်းလိုအား/ ဝယ်လိုအား မြင့်မားမှုများဖြစ်ပေါ်လာပြီး ဆန်တင်ပို့/ ဆန်တင်သွင်းနိုင်ငံများ၏ နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မိုးစပါး၊ နွေစပါး ထွက်ရှိမှုမှာ ညီမျှ ဆန်တန်ချိန် ၁၃ သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်တန်ချိန် ၉ဒသမ၅ သန်းရှိသဖြင့် ပိုလျှံမှုတန်ချိန် ၃ သန်းကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိသည်။ နှစ်အလိုက် ပြည်ပ တင်ပို့မှုတွင် ဆန်၊ ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆ သန်းအထိ အများဆုံးတင်ပို့နိုင်ခဲ့သည်။

 

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး စားရေရိက္ခာဖူလုံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ စားသုံးမှုမှ ပိုလျှံသမျှကို ပြည်ပတင်ပို့ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေရ ရှိနိုင်ရေးသည်လည်း အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ယခုနှစ်၌ ကမ္ဘာ့ဆန်ဝယ်လိုအား တက်လာပြီး ကမ္ဘာ့ဆန်ဈေးကွက် အသီးသီးရှိ ဆန်ဈေးနှုန်းများ မြင့်မားလာမှုနှင့်အတူ ကုန်စည်စီးဆင်းမှု (Commodity Flow) တွင် ပါဝင်သည့် ပြည်တွင်း တောင်သူများ၊ လုပ်ငန်းရှင်များလည်း ပို့ကုန်တင်ပို့မှု၌ အမြင့်ဈေးရရှိပြီး တွက်ခြေကိုက်မှုရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းဆန် ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆန်လက်ကျန် အလုံအလောက် ရှိစေရေးကို သက်ဆိုင်ရာအသင်းအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စီမံထိန်းကျောင်း ဆောင်ရွက် ထားရှိပြီးဖြစ်သည်။

 

mdn

 

စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကို ဝိုင်းဝန်းဖော်ဆောင်ခြင်းဖြင့် စပါး အထွက်နှုန်း များစွာတိုးစေပြီး ပြည်ပနိုင်ငံများစွာသို့လည်း ပိုမိုတင်ပို့လာနိုင်မည်ဖြစ်သည်။ ပြည်ပသို့ လုပ်ငန်းရှင်များ ဆန်၊ ဆန်ကွဲ ပိုမိုတင်ပို့နိုင်စေရေးအတွက် ယခင်က Pre-License Cargo Inspection ကုန်ပစ္စည်းသိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ပို့ကုန်လိုင်စင်ပမာဏ၏ ၁၀၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ၅၀ ရာခိုင်နှုန်းထိ လျော့ချ၍ခွင့်ပြု ပေးလျက်ရှိသည်။ အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းရှင်များ အတွက် နိုင်ငံတော်မှ အားပေးကူညီသောအားဖြင့် ဆန်၊ ဆန်ကွဲ တန်ချိန် ၂၆၀ နှင့်အောက် ပို့ကုန် လိုင်စင်လျှောက်ထားမှုများအတွက် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စစ်ဆေးခြင်းကို ဖြေလျော့ ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။

 

ပြည်တွင်းရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆန်စပါးအပြင် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ ၊ လယ်ယာထွက်ကုန်များအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထွက်ကုန်များအား ယခုထက် ပိုမိုတင်ပို့နိုင်ရေးကို တောင်သူအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ် ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အသိပေး အပ်ပါသည်။

 

သတင်းစဉ်