ရန်ကုန် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်၊ ဦးဥတ္တမပန်းခြံအတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေကန်များရေ သိုလှောင်ထားနိုင်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေး၊ ရေကန်များ ရေဝင်ရေထွက် ကောင်းမွန်စေရေးနှင့် ကန်ရေပြင်ကြည်လင်သန့်ရှင်းရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အလုံမြို့နယ်၊ တော်ဝင်လမ်းနှင့် ပြည်လမ်းအကြား အလုံလမ်း လမ်းလယ်ကျွန်း ကွန်ကရိခင်းကျင်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် အလုံလမ်း တောင်ဘက်ခြမ်း လူသွားစင်္ကြံတိုးချဲ့ ကွန်ကရိခင်းရန် မြေပြုပြင်ဆောင်ရွက်နေမှု၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာ လမ်းမှ ဗိုလ်ချုပ်လမ်းအထိ ဝါးတန်းလမ်းတစ်လျှောက် လမ်းအရှေ့ဘက်ခြမ်း လမ်းသားတိုးချဲ့ ကွန်ကရိ ခင်းကျင်းရန် မြေပြုပြင်ဆောင်ရွက်နေမှုနှင့် လမ်းအနောက်ဘက်အခြမ်း ယာဉ်ရပ်နားရန် နေရာပြုလုပ်နိုင်ရေးအတွက် လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းရန် မြေပြုပြင် ဆောင်ရွက်နေမှု၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေကန်အတွင်း ရေသိုလှောင်ထားနိုင်ရေး ဆောင်ရွက်ထားမှု၊ သခင်မြပန်းခြံ အတွင်း တည်ဆောက်ထားသည့် Electric Vehicle DC Fast Charging Station တွင် လျှပ်စစ်သုံးယာဉ် များအားသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


