ရန်ကုန် အောက်တိုဘာ ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr.Evgeny Grigoryev နှင့် ဇနီးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ကြည်ညိုလေ့လာကြသည်။
ဦးစွာ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှည့်လည်ကြည်ညိုကြပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြောက်ဘက် မုခ်အနီး အောက်ပစ္စယာ သိင်္ဂုတ္တရ ဥယျာဉ်တော် ရှင်ဥပဂုတ္တမင်္ဂလာကန်တော်အတွင်းရှိ ငါးများကို ငါးစာ ကျွေး၍ ကုသိုလ်ပြုကြသည်။
ထို့အတူ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.Vyacheslav KALGANOV နှင့် ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာကျောင်းသား ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ကြသည်။
ဦးစွာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာ ကျောင်းသား ကျောင်းသူများ၏ ပန်းချီ ပြိုင်ပွဲ ဆုရပန်းချီကားများ ပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌက သီဆိုကပြဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင် ပန်းခြင်းပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးသို့ ရောက်ရှိပြီး ကော်မတီရုံး၌ နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးကြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်ကိုလည်းကောင်း၊ ကျောက်တန်းမြို့ ဆေးဘိုဝကျေးရွာရှိ ချစ်ခြင်းမေတ္တာပရဟိတဂေဟာကို လည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


