နေပြည်တော် အောက်တိုဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နောင်လာမည့် အစိုးရအတွက် ကြိုတင်ပြင်ဆင်၍ ရအောင် နိုင်ငံ့စီးပွား မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို မှာကြားလိုကြောင်း။
အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံအောင် ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ နိုင်ငံတကာကလည်း မိမိတို့ နိုင်ငံအပေါ် လူရိုသေ ရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ ခိုင်မာသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုအနေဖြင့် အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာဖြင့် ယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးဆုံး အချက်ဖြစ်သည့် နိုင်ငံတော်၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြကြောင်း၊ အဆိုပါလူဦးရေထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် သားငါးကဏ္ဍတို့တွင် အသက်မွေး ဝမ်းကျောင်းပြုနေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှသာ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကို တစ်ပါတည်းလျှော့ချနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍတွင် သာမန်အားဖြင့် ကောက်ပဲသီးနှံများသာမက စက်မှုသီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စက်မှုလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများလည်း တိုးတက်လာမည် ဖြစ်ကြောင်း။
သီးနှံများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက်ရှိပြီးသား စိုက်ပျိုးမြေများပေါ်တွင် တစ်ဧက သီးနှံအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသေးကြောင်း၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်၊ စိုက်ပျိုးမြေများ ကောင်းမွန်စေရေး လိုအပ်သည့် မြေဩဇာများ ထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေကို အကျိုးရှိစွာဖြင့် အသုံးချရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးသူ တောင်သူများ ကိုယ်တိုင်ကလည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ကိုယ်တိုင်အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အားထည့် ဆောင်ရွက်မှသာ မိမိဆောင်ရွက်သည့်အကျိုးကို ခံစားနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်တွင်းဆီ ဖူလုံမှုရှိစေရေး နေကြာစိုက်ဧကများ တိုးချဲ့ခြင်းနှင့် ကော်ဖီများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကော်ဖီစိုက်ဧကများ တိုးချဲ့ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းဆီ လိုအပ်ချက်ရှိခြင်းကြောင့် ဆီနေကြာစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နှမ်းနှင့် မြေပဲစိုက်ပျိုးမှုများ ရှိသော်လည်း မိရိုးဖလာစားသုံးမှုနှင့် ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းဆီဖူလုံမှုအတွက် လိုအပ်ချက်များရှိနေ သေးကြောင်း၊ ဆီနေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။ ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်း ယခင်ကတည်းက ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းများကို စီမံကိန်းများချမှတ်၍ ဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝမစိုက်ပျိုးခြင်းနှင့် အခြားနည်းများဖြင့်သုံးစွဲခြင်းများပြုလုပ်ခြင်းကြောင့် ထိုက်သင့် သလောက် အောင်မြင်မှုများမရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင် မြေနိမ့်ကော်ဖီကို စိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုးမြေများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးခွင့်ပြုပေးထားပြီး အပြည့်အဝ စိုက်ပျိုးကြရန်လိုကြောင်း။
စက်မှုသီးနှံနှင့်ပတ်သက်၍ ရာသီသီးနှံများ၊ နှစ်တိုသီးနှံများ၊ နှစ်ရှည်သီးနှံများရှိကြောင်း၊ ဝါသည်ရာသီသီးနှံဖြစ်ပြီး ကြံသည် နှစ်တိုသီးနှံဖြစ်ကြောင်း၊ ကော်ဖီ၊ ရော်ဘာတို့ကဲ့သို့သော သီးနှံများသည် နှစ်ရှည်သီးနှံများဖြစ်ကြောင်း၊ ဝါကို မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးနေပြီး စုစုပေါင်း ဝါစိုက်ဧက ၅ သိန်းခန့်ရှိကြောင်း၊ လက်ရှိစိုက်ဧကအတိုင်း တစ်ဧကအထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ စီးပွားရေး တိုးတက်ရေးအတွက် စိုက်ပျိုးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
စားရေးနှင့်ပတ်သက်၍ စားရေရိက္ခာများ လုံလောက်စွာရရှိစေရေး မိမိတို့အနေဖြင့် အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသအလိုက် အသားငါးများ ဖူလုံပေါများစေရေး ဆောင်ရွက်ပေးရာတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ထောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဒေသတွင်နေထိုင်သည့် လူဦးရေအလိုက် စားရေးဖူလုံမှုရှိစေရေး အဆင့်ဆင့်တိုးမြှင့် မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင် သူ လူဦးရေ ၇ သန်းရှိပြီး လူဦးရေ တစ်ဝက် ၃ သန်းခွဲတွင် တစ်ရက်လျှင် ကြက်ဥတစ်လုံးစားပါက ကြက်ဥအလုံးရေ ၃ သန်းခွဲလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဥ ၃ သန်းခွဲရရှိရန်အတွက် ကြက်အကောင်ရေ ၄ သန်းခန့် မွေးမြူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထမအဆင့် ၂၅ ရာခိုင်နှုန်း၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်း ဖူလုံစေရန်နှင့် နောက်ဆုံးအဆင့်တွင် ၁၀၀ ရာခိုင်နှုန်းဖူလုံစေရေး အဆင့်ဆင့်တိုးမြှင့် စီမံချက်ချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စားသောက်ရေးအတွက်လိုအပ်သည့် ဥနှင့် အသား၊ ငါးများ လုံလောက်စွာရရှိရေး မွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အသားငါးများ၏ ဈေးနှုန်းများလည်း အထိုက်အလျောက် သင့်တင့်မျှတလာမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း။
ဝါ၊ ကိုကိုး၊ ကော်ဖီ ၊ သရက်၊ ရော်ဘာ၊ သီဟိုဠ် စသည့် စက်မှုကုန်ကြမ်းသီးနှံအပင်များ စိုက်ပျိုးခြင်း ကိုလည်း ရေရှည်အတွက် အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်မှုထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။
ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်၍ ဘတ်ဂျက်လျာထားချက်များ ရေးဆွဲရာတွင်လည်း လျာထားတွက်ချက်ထားသည့် အတိုင်း သုံးစွဲရန်လိုကြောင်း၊ ဘတ်ဂျက်များသုံးစွဲမှုကြောင့် ငွေကြေးလည်ပတ်မှုများဖြစ်လာပြီး ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများ လိုအပ်ချက်များရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များကိုလည်း ပိုလျှံနေသည့် ရန်ပုံငွေများမှသုံးစွဲ၍ ပြုပြင်ထိန်းသိမ်းတည်ဆောက်သွားရန် လိုကြောင်း၊ စာသင်ကျောင်းများအတွက်လိုအပ်သည့် သင်ထောက်ကူပြု ဓာတ်ခွဲခန်းများကိုလည်း တည်ဆောက် ပေးသွားရန်လိုကြောင်း၊ သို့မှသာ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စံချိန်မီသည့် ကျောင်းများ ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဘတ်ဂျက်နှင့် ပတ်သက်၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် သုံးစွဲသွားကြစေလိုကြောင်း။
မိမိတို့နိုင်ငံတွင် အသိပညာ၊ အတတ်ပညာ ကောင်းမွန်စေရေး အတန်းပညာများ ကောင်းမွန်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူများ၏ အခြေခံစိတ်ဓာတ်များ တိုးတက်ကောင်းမွန်လာစေရေး အချိန်ယူ၍ ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကျောင်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရေး အခြေခံအဆောက်အအုံများကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
အလားတူ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မပြည့်စုံသေးသည့် ဆေးရုံများများစွာရှိကြောင်း၊ ဆေးရုံအမြင် ကောင်းနေရမည်၊ ကုသရေးအတွက် အစွမ်းထက်သူများရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများက အပြည့်အဝ ယုံကြည်အားကိုးနိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးရုံများအတွက် လိုအပ်သည့်ဥပဓိရုပ်ပိုင်းဆိုင်ရာများနှင့် ကုသရေးပိုင်းဆိုင်ရာ လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
လမ်းပန်းဆက်သွယ်မှုနှင့်ပတ်သက်၍ လမ်းများကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းများအားလုံး လမ်းဘေးဝဲ/ယာတွင် အရိပ်အာဝါသများ ကောင်းမွန်စေရေး သစ်ပင်များ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အလားတူ လမ်းများကောင်းမွန်ချောမွေ့နေစေရေးနှင့် တံတားအတက်အဆင်းများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဓိကအားဖြင့် နိုင်ငံတိုးတက်စေရန်၊ စီးပွားရေးအရ တိုးတက်စေရန် ရရှိနေသည့်ကာလအတွင်း ရသမျှ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် စပါးစိုက်ပျိုးဧကများနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ နိုင်ငံတော်က သွင်းအားစုများအပါအဝင် အခြားထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် မဲစာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် မဲရုံများ လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံ ပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုအခြေအနေ၊ မူဝါဒများနှင့်အညီ စီမံကိန်းများ ရာခိုင်နှုန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့မှုများကို ဖယ်ရှားရှင်းလင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အခြေအနေများ၊ တရားမဝင်အကောက်အခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရရှိမှုအခြေအနေ၊ တရားမဝင် အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်လာမှုနှင့် တားဆီးကာကွယ်ရန် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မဲဆွယ်ကာလနှင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းများအလိုက် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးအထူးအလေးထားဆောင်ရွက်ရန်၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏ အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထားဆောင်ရွက်ရန်၊ ဝန်ကြီးဌာနအလိုက် / ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မဲစာရင်းမှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန် လိုအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကျင်းပချိန်တွင် မဲစာရင်းများမှန်ကန်မှု ရှိစေရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းများ ရရှိစေရေး သန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းများမှန်ကန်မှုရှိ စေရေးသည် အရေးကြီးကြောင်း၊ မဲရုံတာဝန်ပေးအပ်မှုများနှင့် ပတ်သက်၍လည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်ရှိသူများ ဖြစ်ရန်လိုပြီး အမှန်တကယ် တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်၍ပျားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက အကျိုး ဖြစ်ထွန်းစေကြောင်း၊ မိမိတို့ဒေသအလိုက် ရာသီဥတု မြေအနေထားနှင့် ကိုက်ညီသည့် မှိုစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်၊ ငရုတ်သီး စသည့် သီးနှံများကိုလည်း ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသွားကြရန်လိုကြောင်း။
သစ်အသုံးပြုမှုနှင့်ပတ်သက်၍ ဒေသအတွက် လိုအပ်သည့် သစ်များကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသုံးပြုခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ တရားမဝင်ခုတ်ယူမှုများ မရှိစေရေးအတွက်လည်း စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ဖက်မှလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် “ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားပြီး ဆောင်ပုဒ်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


