ဖာပွန် ၈ မတ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူများရရှိစေရေးနှင့် ငမြှောင်တောင်ပိုးအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မတ် ၈ ရက် နံနက် ၁၀ နာရီက ဖာပွန်မြို့နယ်၊ အနောက်ဘက်ကမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေက ဖာပွန်ခရိုင်အတွင်း အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)ဖြင့် စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေးနှင့် (Faw) ငမြှောင်တောင်ပိုးအန္တရာယ် ကြိုတင်ကာကွယ်နှိမ်နှင်းခြင်း အသိပညာပေး ဆွေးနွေးခဲ့သည်။ 

ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူမျိုးက ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) အလေ့အကျင့်ကောင်းများအကြောင်းနှင့် ဒေသအတွင်း ဖြစ်ပွားနေသော ကြက်၊ ငှက်တုပ်ကွေးရောဂါ အကြောင်းကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးကြည်လွင်က သဘာဝမြေဩဇာ ပြုလုပ်ပုံအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်သက်ဦးက ကလေးလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေဗဟုသုတရရှိစေရေး၊ ကလေးများ ဉာဏ်ရည်ထက်မြက်စေရေးနှင့် ကလေးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများ စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပေးမည့် အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးဝင်းကျော်ဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း ကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးဇော်မင်းအောင်က မိမိတို့စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေးမသုံးဘဲ စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးရန် စသည့်အကြောင်းများကို လည်းကောင်း အသီးသီးဆွေးနွေးကြသည်။ 

ထို့နောက် တက်ရောက်လာကြသော ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)