နေပြည်တော်၊ မေ ၁၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်း စီမံကိန်းဦးဆောင်ကော်မတီ (၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။
ဉီးစွာဒုတိယဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူတစ်ဦးချင်း ငွေကျပ်သိန်း (၇၀၀) အထိ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၈၇) ခု မှ တောင်သူ (၅၆၅၈) ဦးသို့ ချေးငွေကျပ် (၂၃၅ဒသမ၃၆) ဘီလီယံ ထုတ်ချေးပေးထားပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့နယ် (၂၈) မြို့နယ်မှ တောင်သူ (၈၁) ဦးသို့ ချေးငွေကျပ် (၅ဒသမ၃၃) ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေ အသစ်များကို စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိပါကြောင်း။
ချေးငွေအစီအစဉ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ကာ စီမံကိန်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ပူးပေါင်း ဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပါဝင်ဆောင် ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှု၊ စက်နှင့်စက်ပစ္စည်းရောင်း ချပေးသည့် ကုမ္ပဏီများ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ထုတ်ချေးမည့်ချေးငွေ လျာထားချက်များနှင့် JICA Two Step Loan Project ဝင်ငွေ စာရင်းမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းသို့ လွှဲပြောင်းမည့်ကိစ္စ စသည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဦးဆောင် ကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး စီမံကိန်း အောင်မြင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


