မော်လမြိုင် နိုဝင်ဘာ ၁၁
သဲဖြူမဟာမြိုင်တောရ ဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာဇောတမထေရ်မြတ်အား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ မျက်စိရောဂါ ဝေဒနာ ခံစားနေရသူများအား စက္ခုဒါနအဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆေးရုံအစည်းအဝေးခန်းမ၌ သဲဖြူဆရာတော်ဒေါက်တာဘဒ္ဒန္တပညာဇောတ မထေရ်မြတ်အား ဖူးမြော်ကြည်ညိုကြပြီး စက္ခုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ မုန့်နှင့် ရေသန့်များ၊ နေ့လယ်စာထမင်းဘူးများကို ဒါနပြု ကျွေးမွေးကြသည်။
ထို့နောက် မျက်စိအထူးကုဆရာဝန်ကြီးများ ဦးဆောင်၍ သူနာပြုများ၊ မော်လမြိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များက မျက်စိစမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လူနာများအား ဆေးဝါးနှင့် မျက်မှန်များ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် သဲဖြူမဟာမြိုင်တောရဓမ္မရိပ်သာ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ကြီး ဦးစီး၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော စက္ခုအလင်း ကျန်းမာရေး အလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ၊ ရေစက်ချပွဲအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက သဲဖြူမဟာမြိုင်တောရဓမ္မ ရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာ တော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ ဆရာတော်ကြီးအား နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကျောင်းသား ကျောင်းသူ ၁၅၀၀ အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


