နေပြည်တော်၊ မေ၁၈
စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားရေး တာဝန်ထမ်းဆောင် ကြမည့် ဆရာ ဆရာမများအတွက် Grade-10 သင်ရိုးစိုက်ပျိုးရေးနှင့် မွေးမြူရေးအထူးပြ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းပို့ချပေးခဲ့ကြသည့် ဆရာ ဆရာမများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ သင်တန်းတက်ရောက်လာကြသော သင်တန်းသူ သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် သင်တန်းသူ သင်တန်းသားများ က Grade-10 သင်ရိုးပါ စိုက်ပျိုးရေး မွေးမြူရေး ဘာသာရပ်သင်ခန်းစာပါ လက်တွေ့သင်ကြားမှုအတိုင်း သရုပ်ပြသင်ကြားမှု ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက အကဲဖြတ် အားပေးခဲ့ကြသည်။
အစီအစဉ် ဒုတိယပိုင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က နိုင်ငံတော်အစိုးရက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ကျွမ်းကျင်တတ်မြောက် သည့် လူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးရှိစွာ မွေးထုတ်ပေးပြီး နိုင်ငံ၏ စက်မှု လုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် ယင်းလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် Grade-10 သင်ရိုးမှစတင်၍ သင်ကြားပို့ချပေးနိုင်ရန် စီမံ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ် အပေါ်တွင် အနာဂတ်လူငယ်များ စိတ်ဝင်စားမှုမြင့်မားလားပြီး အဆင့်မြင့်ပညာရပ် အဆင့်ဆင့်နှင့် ပါရဂူတန်းများအထိ တိုးတက်လေ့လာထူးချွန်သူများ ပေါ်ထွန်းလာရေး မျှော်မှန်းဆောင်ရွက် နေခြင်း ဖြစ်သည်ကို အလေးဂရုပြုကြစေလိုကြောင်း၊ ကျောင်းသားများ၏ သင်ကြား သင်ယူမှု ပြီးမြောက် အောင်မြင်စေရန်နှင့် ထူးချွန်သူများ ထွက်ပေါ်လာစေရန် ဆောင်ရွက်နိုင်ခြင်းသည် သင်ကြား ပေးသော ဆရာ/ဆရာမများ၏ နည်းပညာ၊ အထွေထွေ ဗဟုသုတ၊ ဘဝတစ်သက်တာ အတွေ့ အကြုံများနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အရည် အသွေးများ အပေါ်တွင် မူတည်ပါကြောင်း၊ အလားတူ သင်ကြားမှုကို ခံယူသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူလိုစိတ်၊ ဉာဏ်ရည်၊ စိတ်အားထက်သန်မှု၊ သင်ယူနိုင်မှုစွမ်း ရည်၊ လက်တွေ့ ဆောင်ရွက်မှုနှင့် သင်ကြားသင်ယူရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ မရှင်းလင်းသည် များကို ပြန်လည်မေးမြန်းခြင်းတို့အပေါ် အကဲဖြတ် ပြီး မိမိတို့ တပည့်များနှင့် အကိုက်ညီဆုံးဖြစ်မည့် သင်ကြားပေးမှုဖြစ်စေရေး ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေးအထူးပြု သင်တန်းသားများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက မွေးမြူရေး အထူးပြုသင်တန်းသားများကိုလည်းကောင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြရာ သင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က သင်တန်းဆရာ ဆရာမများ အတွက် ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်ရာ ဆရာ ကိုယ်စားလှယ် တစ်ဦးက လက်ခံရယူသည်။
သင်တန်းကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် သင်တန်းခန်းမ များ၌ သက်ဆိုင်ရာတက္ကသိုလ်များမှ ဘာသာရပ်ကျွမ်း ကျင်သူများက (၄)ပတ်ကြာပို့ချ သင်ကြားပေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


