မြင်းမူ ၈ မေလ

 

လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးရန် ရည်ရွယ်လျက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၁၅ဝ) အား မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကန်ဖျားကျေးရွာတွင် ပြုလုပ်ခဲ့သည်။


ယင်းသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် ဖော်ထုတ်ဆောင်ရွက်ပြီးစီးပြီဖြစ်သော စနစ်တကျ လယ်မြေဧက ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲမှုကောမတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ရေးအဖွဲ့ (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးခင်မောင်ဇင်၊ ရေအရင်းမြစ် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်နှင့် ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးထိန်းမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးခင်မောင်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်မှ လယ်မြေကွင်းများ အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

1

    
ယင်းနောက်စနစ်တကျ လယ်မြေပိုင်ဆိုင်မှု အထောက်အထားများအား မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးတင်အောင်လွင်က မူလပိုင်ရှင်တောင်သူများထံ ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

    
ယခုပေးအပ်ခဲ့သော စနစ်တကျလယ်ယာမြေဧက (၁၅ဝ) ဆောင်ရွက်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း (၁၈ဝ) ချထားပေးခဲ့ပြီး စနစ်တကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့ (အထက်မြန်မာပြည်) လယ်ဝေးမြို့မှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍  ဆောင်ရွက်ခဲ့ရာ မေ ၃ ရက်နေ့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကာ စနစ်တကျလယ်ယာမြေအတွင်း ကုန်ထုတ်လမ်းများ ရေသွင်း ရေထုတ်မြောင်းများ စနစ်တကျ ထည့်သွင်းပြုလုပ်ထားကြောင်းနှင့် ပိုင်ဆိုင်သူဒေသခံတောင်သူ (၆၈) ဦးဖြစ်ကြောင်း သိရှိရသည်။


အောင်စိုးဖေ(မြင်းမူ)      

 

1