မိုးနဲ ၈ မေ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ စက်တော်ရာကျောင်းတိုက်တွင် တရားရိပ်သာ တစ်ပါးကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသို့လှူဒါန်းရာတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဝိဇ္ဇာရိယ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တမာဃိန္ဒ ထံမှ သြဝါဒ ခံယူတော်မူပြီး စက်တော်ရာ သာသနာ့နယ်မြေအတွင်း တောမှီရဟန်းတော်များ တရားကျင့်ကြံရာတွင် ယာယီသီတင်းသုံးမှု အဆင်ပြေစေရေးအတွက် တရားရိပ်သာ သီတင်းသုံးဆောင်တစ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ် အေးမေတ္တာ ပရဟိတ တောင်နီလေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တိမာ အမှူးပြု၍ ကနဦးမတည်လှူဒါန်းငွေ ကျပ်သိန်းလေးဆယ်ကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ကျောင်းထိုင်ဆရာတော်များ၊ တောင်နီလေးကျောင်းတိုက်ဆရာတော်၊ မြို့နယ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ)


