ကံမ ၇ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာ(၁၀) ရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသူ/ကျေးရွာသားများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကံမမြို့နယ်တွင် အုတ်ဖိုကျေးရွာ၊ ဂျွန်းတောင်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ စံပယ်ခြုံကျေးရွာ၊ တောင်စကိုင်းကျေးရွာ၊ တောမကျင်းကျေးရွာ၊ သရက်ချောင်း ကျေးရွာ၊ ရေလယ်တောင် ကျေးရွာတို့တွင် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ သန့်ရှင်းသာယာပြီး လူနေမှုအဆင့်အတန်းမြင့်မားစေဖို့၊ ပလပ်စတစ်သုံးစွဲမှုကို လျော့ချပြီး ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများကို ပြန်လည်သုံးစွဲစေတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေဖို့၊ အမှိုက်များကို ခွဲခြားပြီးစွန့်ပစ်တတ်စေဖို့၊ ချောင်းထဲမြောင်းထဲသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတို့ကို ရှောင်ရှားပြီး စနစ်တကျ စွန့်ပစ်တတ်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ပြောသည်။
ကျေးရွာသူ/သားများ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ပိုမိုသိရှိလာပြီး လက်တွေ့ လိုက်နာကျင့်သုံး တတ်စေရန် ကျေးရွာစွန့်ပစ်အမှိုက်ကော်မတီများဖွဲ့စည်းခြင်း၊ အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ စွန့်ပစ်အမှိုက်နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ပညာပေးဗီနိုင်းများ၊ ပိုစတာများကို ကျေးရွာများရှိ လမ်းများ၊ ကျောင်းများတွင် ကပ်ခြင်းတို့ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြကျော်ဇင်သန်း(ကံမ)


