မြောင်းမြ နိုဝင်ဘာ ၁၆

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စံပြကျေးရွာသူ ကျေးရွာသားများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မဒေါ့ပင်စံပြကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ကျေးရွာဆိုင်ရာ အချက်အလက်များနှင့် SMART Village ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မဒေါ့ပင်စံပြ ကျေးရွာ၏ IT Centre ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စံပြကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)