မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီထွက်သီးနှံတစ်မျိုး ဖြစ်သော နွေနှမ်းကို မြို့နယ်အတွင်း ၂၃၄၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရပြီး ယခုအချိန်တွင် နွေနှမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ကြောင်း သိရသည်။
နွေနှမ်းကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများဟူ၍ရှိပြီး နှမ်းဖြူမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ နွေနှမ်းကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ သုံးပြည်ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် လေးသိန်း ခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် နွေနှမ်းများ လှိုင်လှိုင်ထွက်ပေါ် လျက်ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၈-၉ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းကျော်ခန့် ရရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှု များပြားသောကြောင့် နွေနှမ်းများ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း နွေနှမ်းစိုက်ပျိုး တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)


