နေပြည်တော် ၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ စက်တင်ဘာ ၁ ရက်က နေအိမ်အတွင်း ဝင်ရောက်၍ ငွေကျပ်သိန်း (၃၀)၊ လက်ကိုင်ဖုန်း(၂)လုံးနှင့် ကျောက်မျိုးစုံရောရာ ကာလတန်ဖိုးငွေကျပ်သိန်း (၈၀)ခန့်တို့အား ခိုးယူသွားသူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ ဒေါ်မာမာလင်း (၃၇)နှစ်သည် စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီက နေအိမ်အောက်ထပ် ဧည့်ခန်းဆက်တီခုံပေါ်တွင် အိပ်ပျော်နေရာမှ နိုးလာစဉ် စားပွဲခုံပေါ်တွင်တင်ထားသော ငွေကျပ်သိန်း(၃၀)၊ လက်ကိုင်ဖုန်း(၂)လုံးနှင့် ကျောက်မျိုးစုံရောရာ ကာလတန်ဖိုး ငွေကျပ်သိန်း(၈၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ လက်ပန်လှနယ်မြေရဲစခန်း(ပ) ၂၁၉/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခဲ့ရာ ည ၁၁ နာရီခွဲတွင် ကျည်တောက်ပေါက် ကျေးရွာမြောက်ဘက်၊ အမှတ်(၈)ရပ်ကွက်ရှိ သံတံတားအနီး လူမနေသည့်တဲတွင် ဆိုင်ကယ်အား ကားလမ်းဘေးတွင်ရပ်ထားပြီး မသင်္ကာဖွယ်လူတစ်ဦးမှာ တဲပေါ်တွင်အိပ်နေကြောင်း သတင်းရရှိ၍ သွားရောက်စစ်ဆေးရာ လက်ပန်လှကျေးရွာနေ နိုင်းနိုင်း (ခ) ငနိုင် (ခ) ပလောက်တောက် (၂၈)နှစ်ဖြစ်ပြီး ၎င်းနှင့်အတူပါရှိသည့် အမျိုးသမီးသုံး သားရေအိတ်အား သက်သေများနှင့်အတူရှာဖွေရာ အဆိုပါ အိတ်အတွင်းမှ ဒေါ်မာမာလင်း ပျောက်ဆုံးသွားသည့် သက်သေခံပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နိုင်းနိုင်း (ခ) ငနိုင် (ခ) ပလောက်တောက်အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဲပြန်ကြား


