ညောင်ဦး ၃ မေ  

   
   
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုနှစ်တွင် ကျေးရွာပေါင်း ၂၁၉ ရွာတွင် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၃ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးထွန်းထွန်းဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ်အတွင်းစတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ရှေးဦးစွာ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အောင်သာကျေးရွာ၌ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ဖျောက်ဆိပ်ပင်ကျေးရွာ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားလိုင်တိုင်နှင့် မီးကြိုးများ သွယ်တန်းတပ်ဆင်နေမှုလုပ်ငန်း ၊ အိုရင်းကျေးရွာနှင့် တယ်ပင်တဲကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရေး အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာအလိုက် ဒေသခံစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းခွဲများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် လိုအပ်သည် များကို ရှင်းလင်းဆွေးနွေး မှာကြားကာ ဒေသခံစီမံကိန်းကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

ANC1