ဖောင်းပြင် ၃၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ဖေါင်းပြင်မြို့နယ်တွင် ဒေသခံပြည်သူများ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ် တည်ထောင်ခြင်း နည်းစနစ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် ညနေ ၄ နာရီက မြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း နည်းစနစ်နှင့် ပတ်သက်သည့် သဘောတရားများ သင်ယူခဲ့သော အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အကျိုးရှိစွာ အသုံးချကြရန်၊ သင်တန်းမှ ရရှိသည့် သဘောတရားများ ဖြန့်ဝေရာတွင်လည်း မိမိတို့ဒေသနှင့် ကိုက်ညီတဲ့ နည်းလမ်းများကို အသုံးချကြရန်၊ သင်တန်းပြီးသွားလို့ ကိုယ့်ဒေသတွင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကြရာတွင် မိမိတို့ရဲ့ အရည်အသွေး တိုးမြှင့်အောင် လေ့လာသင်ယူပြီး ကိုယ့်နိုင်ငံ ကိုယ့်ဒေသ၊ ကိုယ့်ရွာအတွက် အားထားရသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ပြီး အစုအဖွဲ့ပိုင် သစ်တောများကို အကောင်အထည်ဖော် လုပ်ကိုင်ကြမည်ဖြစ်ကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှလည်း ပျိုးပင်များနှင့် အခြားလိုအပ်သော နည်းပညာများကို ပံ့ပိုးကူညီကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အဖွဲ့အစည်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
MDN


