ရန်ကုန် နိုဝင်ဘာ ၁၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်နှင့်ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် အလုံမြို့နယ်တို့သို့သွားရောက်၍ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအား ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ဓာတ်အားပျောက်ဆုံးမှုအခြေအနေများ၊ ဓာတ်အားခကြွေးကျန် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဖီဒါ/ထရန်စဖော်မာအလိုက် မီးသုံးသူစာရင်းများထားရှိရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ ရပ်/ပျက်/နှေး မီတာများ အမြန် အစားထိုးလဲလှယ်ရေး၊ ဓာတ်အားခွဲရုံများကြံ့ခိုင်မှုရှိစေရေး၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်၊ ခွဲရုံပြင်ပသန့်ရှင်းရေးကို ခရိုင်စုဖွဲ့အင်အားဖြင့် ဆောင်ရွက်ရန်၊ ဖီဒါအလိုက် ဓာတ်အားပျောက်ဆုံးမှုများ စိစစ်၍ တရားမဝင်ဓာတ်အားသုံးစွဲမှုများ ဖော်ထုတ်ရန်မှာကြားပြီး မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင် (YESC)


