လွိုင်ကော် နိုဝင်ဘာ ၁၅

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်၊ ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကန်နှင့် ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ မြေယာရှုခင်းပန်းအလှပင်များ စိုက်ပျိုးရေး၊ အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရန် သန့်ရှင်းရေးဆောင်ရွက်ရေး၊ ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်နိုင်ရန် Outdoor Fitness ပစ္စည်းများ ထားရှိရေး မှာကြားသည်။

 

ကူညီဆောင်ရွက်ပေး

 

ထို့နောက် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါပိုးစီ ကျေးရွာသာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက် နေထိုင်သူများ၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည်လုပ်ကိုင်နိုင်ရေး လိုအပ်သည့် မျိုး၊ မြေသြဇာ၊ စိုက်ပျိုးရေနှင့် မတည်ချေးငွေများ ရရှိအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ရပ်ရွာကို ယခင်ကဲ့သို့ သာယာဖွံ့ဖြိုးလာအောင် ကျေးရွာနေ ပြည်သူများကလည်း ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒေါပိုးစီကျေးရွာမှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ နေအိမ်ပြန်လည် ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေနှင့် သွပ်များ၊ စောင်၊ ဆန်ရိက္ခာဖိုး ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကို ပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

           

ပြည်နယ်(ပြန်/ဆက်)