ရန်ကုန် ၇ မတ်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ၁၁/၁၄ရပ်ကွက် အ.ထ.က(ခွဲ) လ(၄) ကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့၌ လာရောက်ဖြေဆိုသည့် ကျောင်းသူတစ်ဦး၏ ကျောင်းသား ကတ်ပြား နေအိမ်တွင် မေ့ကျန်ခဲ့၍ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှ တာဝန်ကျ ယာဉ်ထိန်းရဲက စာမေးပွဲ အချိန်မီ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသားကတ်ပြား ပြန်လည်ယူဆောင်ရန် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ရာ စာမေးပွဲအချိန်မီ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ စာစစ်ဌာန(၅)နေရာ ဖွင့်လှစ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအချိန်မီ ဖြေဆိုနိုင်ရေး၊ လုံခြုံရေးနှင့် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ စာစစ်ဌာန အသီးသီးတွင် နေရာချထားပြီး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒလမြို့နယ်ရှိ စာစစ်ဌာနများသို့ ရန်ကုန်တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စောမောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲအား အေးအေးချမ်းချမ်းဖြေဆိုနိုင်ရေး၊ ဆူညံအသံများ မဖြစ်ပေါ်စေရေး၊ ကျောင်းသားများ၏ ကျန်းမာရေးတို့အတွက် လုံခြုံရေး တာဝန်ချထားသော တာဝန်ရှိသူများအား အရေးပေါ်စီမံ ဆောင်ရွက်ပေးနိုင်ရေးအတွက် မှာကြားခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၈၂)ဦးအနက် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၂၇၈၅) ဦး လာရောက် ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ(၁၉၇) ဦးထိရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း-နိုင်လင်းကျော်(ဒလ)၊ဓာတ်ပုံ-ကိုဂျိမ်း


