ရန်ကုန်၂၈ ဧပြီ

 

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ရန်ကုန်တိုင်းဒေသကြီး) နှင့် ဒလသစ္စာစာကြည့်တိုက် တို့ ပူးပေါင်းစီစဉ်၍ ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူညီဆောင်ရွက်သည့် နွေရာသီစာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ကို ယနေ့နံနက် ၉  နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် မြို့နယ်သီရိဇေယျနော်ရထာခန်းမနှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမတို့၌ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး၊ ပုံပြောပြိုင်ပွဲ တွင် ကလေးငယ်(၁၀)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကလေးငယ်(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်(၁၀)ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲအခမ်းအနားကို ဧပြီ(၂၉)ရက်နေ့တွင် မြို့နယ်သီရိဇေယျ နော်ရထာခန်းမ၌ ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်သို့ လာရောက်ကြသည့်  ဒေသခံပြည်သူများ၊ ကလေးများသည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပန်းချီပြခန်း၊ ဓာတ်ပုံပြခန်း၊ ကာတွန်းပြခန်း၊ ကယန်းတိုင်းရင်းသားရိုးရာပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

နွေရာသီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များနှင့် လူကြီးများပါ လာရောက်လျက်ရှိကြောင်း တွေ့ရသည်။

 

ထို့အတူ ရန်ကုန်မြို့ ပန်းဆိုးတန်းစာအုပ်တန်း၊ ဗိုလ်ချုပ်ဈေး၊ သိမ်ဖြူစာအုပ်တန်းများမှ ဆိုင်ခန်းများ တွင် ကလေး၊ လူငယ်၊ လူကြီး တို့ ကြိုက်နှစ်သက်မည့်  စာအုပ်၊ စာပေအမျိုးမျိုးကို ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ ဝယ်ယူအားပေးလျက် ရှိကြောင်း မြင်တွေ့ရသည်။

 

နွေရာသီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပခြင်းသည် ကလေးငယ်များနှင့် လူငယ်လူရွယ်များအတွက် အသိပညာ ဗဟုသုတ ရရှိစေရေး၊ စာအုပ်စာပေ၌ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရေး၊ စုပေါင်းအလုပ်များတွင် ပူးပေါင်းပါဝင်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် အနာဂတ်တွင် တိုင်းပြည်အတွက် လူရည်ချွန်များအဖြစ် ဦးဆောင်မှုပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

နွေရာသီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နံနက်(၉)နာရီမှ ည(၁၁)နာရီအချိန်ထိ (၃)ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

1.02