ရန်ကုန် ၅ မတ်
နွေရာသီကာလအတွင်း မီးလောင်မှု အန္တရာယ် ကင်းဝေးစေရန် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပေါ်ရှိ ဈေးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဈေးများဌာန အောင်ဇေယျဈေးဝန်း အတွင်း၌ ကျင်းပခဲ့သည်။
အသိပညာပေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ငြိမ်းအောင် က မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်နေပြည်သူများ၏ နေအိမ်တိုင်၌ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲအိတ်များနှင့် မီးသတ်ဆေးဗူးများ ထားရှိဆောင်ရွက်ကြစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးလောင်မှု အန္တရာယ်မှ လျော့နည်းစေရန်၊ မီးဖိုချောင်သုံး ထင်းနှင့် မီးသွေးများ အသုံးပြုပြီးပါက ရေဖြင့် သေချာစွာ ငြှိမ်းသတ်ကြရန်နှင့် လျှပ်စစ်မီး အသုံးပြုပါက မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် ပြောကြားခဲ့ပြီး မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်နှင့် အသိပညာပေး ဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ ရန်ကုန် တောင်ပိုင်းခရိုင် ဈေးများဌာန(ဌာနစုမှူး) ဦးစီးအရာရှိ ဦးသိန်းဌေး နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ငြိမ်းအောင်၊ မြို့နယ်စည်ပင်သာယာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်၊ မြို့နယ်ဈေးများဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
နိုင်လင်းကျော်(ဒလ)


