ရန်ကုန် ၈ မတ်
မြန်မာနိုင်ငံမှ ဒန့်သလွန်သီးနှင့် ရဲယိုသီးကို ဂျပန်နိုင်ငံ၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့မှ ဝယ်ယူရန် ကမ်းလှမ်းမှုများရှိကြောင်း မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုဖွဲ့ (ယာယီ)မှ သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် မတ်လ ၈ ရက်က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားမှ သိရသည်။
"ပြည်ပက ကမ်းလှမ်းတဲ့ အချိန်တုန်းက အစုအဖွဲ့မွဲ့မရှိတော့ ဗဟိုအနေနဲ့ ယေဘုယျပဲ ပြောပေးတယ်။ စိုက်ပျိုးနေတဲ့ သူရှိတယ်။ သူတို့နဲ့ပဲ သွားချိတ်ဆိုပြီး ပြောနေရတယ်။ အခုဆိုရင် အစုဖွဲ့ကြီးတစ်ခု ထွက်လာပြီဆိုတော့ တိတိကျကျနဲ့ ချိတ်ဆက်လို့ရသွားမယ်" ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
ကုန်စည်ပြပွဲများတွင် နိုင်ငံခြားသားများမှ ဒန့်သလွန်နှင့် ရဲယိုသီးများကို စိတ်ဝင်စားမှုရှိသလို တောင်းဆိုမှုများရှိခြင်းကြောင့် ပြည်ပဈေးကွက်ရရှိလာစေရန် မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းတွင် ဒေသမျိုးထက် အိန္ဒိယနှင့် ဗီယက်နမ် ဒန့်သလွန်မျိုးများကို စီးပွားဖြစ် စိုက်ခင်းများဖြင့် တိုးချဲ့စိုက်ပျိုးလာကြပြီး အပူပိုင်းသီးနှံဖြစ်သော်လည်း ဒေသမရွေးဖြစ်ထွန်းကာ ရာသီမရွေး စိုက်ပျိုးနိုင်သကဲ့သို့ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် စတင်အသီးသီးပြီဖြစ်၍ ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။
သို့သော် အပူပိုင်းဒေသတွင်း စိုက်ပျိုးမှုမှာ အအေးပိုင်းဒေသတွင် စိုက်ပျိုးမှုထက် ပိုမိုဖြစ်ထွန်းလွယ်ကြောင်း သိရသည်။
"နိုင်ငံတကာ ဈေးကွက်ကို အခုမှကမ်းလှမ်းနေတုန်းပေါ့။ သူတို့ကလည်း ကြိုဆိုပါတယ်။ တောင်သူတွေကို ပျိုးပင်နဲ့ စိုက်ပျိုးရေးနည်းပညာ ကူညီပံ့ပိုးပေးသွားမယ်။ ဟိုတစ်လောကဆိုရင် ထိုင်ဝမ်က တစ်ယောက်က ကီလို ၃၀ဝ လောက် လိုချင်တယ်ပေါ့။ အဲ့လိုကမ်းလှမ်းပေမယ့် ကိုယ့်ဘက်က မပေးနိုင်ဘူး။ ဂျပန်နဲ့က ဒီနေ့မှ စကားပြောမယ်။ သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပေးနိုင်ဖို့က လိုအပ်ချက်တွေ ရှိသေးတယ်။ ဒန့်သလွန်ကို ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေက ဓာတ်စာအနေနဲ့ အသုံးများတယ်။ ဝယ်ယူဖို့ ကမ်းလှမ်းလာတာတွေ ရှိတယ်" ဟု မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုဖွဲ့ (ယာယီ) ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြောသည်။
ပြည်တွင်းဈေးကွက်တွင် ဒန့်သလွန်သီးအမှုန့် တစ်ကီလိုလျှင် ၆၀ဝ၀ဝ ကျပ်၊ ဒန့်သလွန်သီးအစေ့ ၁၀ မီလီလျှင် ၅ ဝ၀ဝ ကျပ် ပေါက်ဈေးရှိပြီး လက်ရှိတွင် ဒန့်သလွန်အစေ့၊ အစေ့ဆီ၊ ကြိတ်ဖက်တို့ ထုတ်လုပ်လျက်ရှိပြီး ဒန့်သလွန်ရွက်လက်ဖက်ခြောက်၊ ရေမွှေးတို့ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒန့်သလွန်နှင့် ရဲယိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပြီး ဒန့်သလွန်သီးကို အစေ့ထုတ်ခြင်း၊ အစေ့ကို အမှုန့်ကြိတ်ခြင်း၊ အရွက်ကို အမှုန့်ကြိတ်ခြင်းတို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် ဒန့်သလွန်အရွက်မှုန့်ကို ကျန်းမာရေးဓာတ်စာအနေဖြင့် အသုံးများပြီး၊ သွေးတိုးရောဂါ၊ လေငန်ရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆီးချိုရောဂါတို့အတွက် အသုံးပြုကြကြောင်း သိရသည်။
လက်ရှိမှာ ဒန့်သလွန်နှင့် ရဲယိုကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံဈေးကွက်သို့ စတင်တင်ပို့ရာင်းချနေပြီဖြစ်ပြီး အမေရိကန်၊ ဂျပန်နှင့် ထိုင်ဝမ်တို့ကလည်း ကမ်းလှမ်းမှုများရရှိထားကြောင်း ဒန့်သလွန်စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
အေးယမုံ


