ငွေဆောင် ၃  မေ

           

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေ လူရည်ချွန်စခန်း(ငွေဆောင်)သို့ အပန်းဖြေရန်နှင့် လေ့လာရေးခရီးသွားရောက်ရန် ရောက်ရှိနေသည့် ၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များသည် အုပ်ချုပ်သူ ဆရာ၊ဆရာမများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ငွေဆောင်ဒေသရှိ ပတ်ဝန်းကျင်ဒေသများသို့ သွားရောက်လေ့လာကြသည်။

 

ရှေးဦးစွာ လူရည်ချွန်မောင်မယ်များသည် ငွေဆောင် သဇင်ကျေးရွာရှိ အထက် တန်းကျောင်း(ခွဲ)သို့ သွားရောက်ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။

 

ထို့နောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိမိက သဇင်ကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ)တွင် ဂျာမနီနိုင်ငံက လှူဒါန်းထားသည့် ရေငန်မှ ရေချိုထုတ်လုပ်သည့် ရေသန့်စက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်များသည် ရေသန့်စက်အား လေ့လာကြသည်။

 

1

 

ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည်သဇင်ကျေးရွာရှိ ငါးဖမ်း၊ ငါးလှန်း လုပ်ငန်းအား သွားရောက်လေ့လာကြရာ ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ငါးသယံဇာတ ထိန်းသိမ်းစောက်ရှောက်ထားမှု၊ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်၊ ငါးဖမ်းခွင့်ရာသီ၊ ငါးဖမ်းခွင့်လိုင်စင်ချထားပေးမှုနှင့် ငါးလုပ်ငန်းဦးစီးဌာနအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်များက သိရှိလိုသည်များကို မေးမြန်းကြပြီး ပြသထားသည့် ငါး၊ ပုဇွန်များကို လေ့လာကြည့်ရှုကြသည်။

 

ယင်းနောက်လူရည်ချွန်မောင်မယ်များသည် ငွေဆောင်ဒေသရှိ ယုဇနပုဇွန် မွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာကြရာ ပုစွန်မွေးမြူရေးစခန်း တာဝန်ရှိသူများက ပုစွန်မွေးမြူပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်များက သိရှိလိုသည်များကို မေးမြန်းကြသည်။

 

 

မွန်းလွှဲပိုင်း လူရည်ချွန်မောင်မယ်များသည် ငွေဆောင်ဟိုတယ်ဇုန်အတွင်းရှိ နိုင်ငံတကာအဆင့်မ ှီဟိုတယ်ကြီးများသို့ သွားရောက်လေ့လာကြပြီး  ငွေဆောင်ရွာ ဈေးတန်းသို့ သွားရောက်ကာ ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။

 

ညနေပိုင်းတွင် လူရည်ချွန်မောင်မယ်များသည် ငွေဆောင်ကမ်းခြေ၌ ပျော်ရွင်စွာ ရေကစားကြပြီး ညပိုင်းတွင်  ပုလဲငွေဆောင်ဟိုတယ် ကမ်းခြေအနီးတွင် ပုသိမ်နှင့် ငွေဆောင်ရှိ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကပြသီဆို ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-တိုင်းပြန်/ဆက်)

 

1