နေပြည်တော် ၆ မတ် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ မြန်မာ့စပါးများကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ တရားမဝင်တင်ပို့နေကြခြင်းများအား ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကုန်သွယ်မှုလမ်းကြောင်းရှိ စစ်ဆေးရေးစခန်းများတွင် တရားမဝင်စပါးသယ်ဆောင်မှုများကို တားဆီးရာ၌ မြန်မာနိုင်ငံအတွင်းစပါးကို လွတ်လပ်စွာ သယ်ယူခွင့်ပြုထားသည့်အတွက် ပြင်ပသို့ တရားမဝင် စပါးတင်ပို့ရောင်းချသူများသည် ပြည်တွင်း၌သာ သယ်ဆောင်သကဲ့သို့ အသွင်ယူ၍ တရားမဝင် တင်ပို့မှုများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စစ်ဆေးရေးစခန်းများတွင် စပါးများဖြတ်သန်းပို့ဆောင်မှုရှိသည်ကို တွေ့ရှိရပါက အကောက်ခွန်ဦးစီးဌာနက တားဆီး၍ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပြီး သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ တင်ပြ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးရေးစခန်းများတွင် ပြည်တွင်းစပါးသယ်ဆောင်မှုဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
 
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍ တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ် ဆောင်ရွက်သကဲ့သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ကချင်ပြည်နယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ လယ်ယာထွက် ကုန်သီးနှံ တင်ပို့သည့် အဓိကလမ်းကြောင်းဖြစ်သည့် ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စပါးများတရားမဝင် တင်ပို့မှုမရှိစေရေး အတွက် ဗန်းမော်ခရိုင်အတွင်း မော်တော်ယာဉ်ဂိတ်၊ သင်္ဘောဆိပ်၊ ပူးပေါင်းစစ်ဆေးရေး ဂိတ်များရှိ အများမြင်သာသည့် နေရာများတွင် တားမြစ်သည့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူထားရှိပါကြောင်း၊ ဗန်းမော်ခရိုင်အတွင်း ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီ၊ ဆန်စပါးကုန်သည်အသင်း၊ ရေယာဉ်အသင်းများနှင့် လွယ်ဂျယ်မြို့တွင် ဖွင့်လှစ်ထားသည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ လယ်ယာထွက်ပစ္စည်းများ ကုန်စည်ဒိုင်တို့တွင် စပါးများ တင်ပို့ရောင်းချခွင့် မပြုကြောင်းနှင့် တင်ပို့ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း တားမြစ်သည့် အကြောင်းကြားစာများကို ဖြန့်ဝေ၍ မော်တော်ယာဉ်ဂိတ်၊ သင်္ဘောဆိပ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အနောက်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိသော ဗောဓိအခြေခံပညာ အထက်တန်းကျောင်း၏ အန္တရာယ်ရှိသော နှစ်ထပ်ကျောင်းဆောင်အား လာမည့်ဘဏ္ဍာ ရေးနှစ်တွင် ပေ (၁၅၀’ x ၃၀’) RC (၂)ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရမ်းဗြဲမြို့နယ်၊ ဗောဓိအခြေခံပညာ အထက်တန်းကျောင်းတွင် အန္တရာယ်ကျောင်း ဆောင်အစား ပေ (၁၄၀x ၃၀) RC (၂)ထပ် ဆောင်(၁) ဆောင်အသစ် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သည့်ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအောက်မှ ခွဲဝေရရှိသည့်ရန်ပုံငွေမှ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အန္တရာယ်ရှိ ကျောင်းဆောင်များသည် ပထမဦးစား ပေးဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပညာရေးအသုံးစရိတ် ဦးစားပေးမြှင့်တင် အားပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် ခွင့်ပြုရန်ပုံငွေ၏ ဘောင်အတွင်းကသာ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထား သည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းက ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး ကမိမိတို့တိုင်းပြည်တွင် မြေယာဆိုင်ရာအငြင်း ပွားမှုများကင်းရှင်းစွာဖြင့် တိုင်းပြည်၏ မြေယာဖွံ့ဖြိုးတိုးတက်မှုများ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် တစ်ခုတည်းသော မြေပုံစနစ် ဖြစ်ပေါ်ရေးသည် အလွန်အရေးကြီး နေပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒတွင်လည်း မှန်ကန်တိကျသော မြေကြီးမြေပုံ၊ မြေနှင့်သက်ဆိုင်သော မှတ်တမ်းနှင့် အချက်အလက်တို့ကို စနစ်တကျစီမံထားရှိခြင်းသည် မြေအသုံးချမှုကို စနစ်တကျ စီမံခန့်ခွဲရေး၊ မြေယာလုပ် ပိုင်ခွင့်ခိုင်မာမှုနှင့် မြို့ပြနှင့်ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး အခြေခံ အုတ်မြစ်ဖြစ်သည်ဟု ဖွင့်ဆိုထားသည့်အတွက်  အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က မိမိတို့ နိုင်ငံသည် မြေအရင်းအမြစ်ပေါများသည့် နိုင်ငံဖြစ်သည့်အတွက် အဆိုပါ မြေအရင်း အမြစ်များကို အရင်းအနှီးအဖြစ် ပြုပြင်ပြောင်းလဲ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်း များစွာရှိနေပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်နေသည့် စက်မှုလုပ်ငန်းများ ထူထောင်ရန်အတွက် မြေယာများသတ်မှတ်ပေး ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားများ၏ မိရိုးဖလာမြေယာလုပ်ပိုင်ခွင့်ကိုလည်း အသိအမှတ်ပြုပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စရပ်များကို စနစ်တကျဆောင်ရွက်နိုင်ရန်မှာ မြေယာဥပဒေများ၊ မြေယာမူဝါဒများ ခိုင်မာစွာရှိရန်လိုအပ်သကဲ့သို့ တစ်ခုတည်းသော မြေပုံစနစ်ထူထောင်ရန်များစွာ အရေးကြီးပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဒေါက်တာဝင်းမြင့်ချစ်က အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေအား ဥပဒေပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါစိစစ်ခြင်း အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မတ် ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

အောင်ရဲသွင်၊ လူမော်