နေပြည်တော် ၆ မတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့်  အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏ စာရင်းကို အတိအကျဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန်အတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည်လက်ခံရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည်၊ ပြည်သူများ၏ ဆန္ဒ၊ မဲဆန္ဒရှင်များ၏ ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်မည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဆိုသည့် ဦးတည်ချက်နှင့်အညီ ၂၀၁၉-၂၀၂၂ မဟာဗျူဟာ စီမံကိန်းရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ မဟာဗျူဟာစီမံကိန်းတွင် အချက် ၁၁ ချက် ရှိပါကြောင်း၊ အချက် ၁ ချက်ချင်းစီ၏ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဖြင့် စာအုပ်ထဲတွင် ဖော်ပြထားပါကြောင်း၊ ယင်းစာအုပ်များကိုလည်း သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ CSO အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကိုလည်း ဖြန့်ဝေပေးပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းကို ရွေးကောက်ပွဲ အကြိုကာလလုပ်ဆောင်ရမည့် အပိုင်း၊ ရွေးကောက်ပွဲ ကာလတွင် လုပ်ဆောင်ရမည့် အပိုင်းနှင့် ရွေးကောက်ပွဲ နှောင်းပိုင်းတွင် လုပ်ဆောင်ရမည့်အပိုင်းဟူ၍  အပိုင်း ၃ ပိုင်း ခွဲထားပါကြောင်း၊ ရွေးကောက်ပွဲအကြိုကာလတွင် လုပ်ဆောင်ရမည့်အပိုင်းထဲတွင် မဲစာရင်းပြုစုရေးအပိုင်း ပါဝင်ပါကြောင်း၊  ၂၀၁၉ ခုနှစ်သည် မဲစာရင်းပြုစုရေးနှစ်ဟု သတ်မှတ်ထားရှိပါကြောင်း၊ မဲစာရင်းပြုစုနည်းစာအုပ်များကိုလည်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ပေးဝေ ထားပြီးဖြစ်ပါကြောင်း၊ သင်တန်းများလည်းပေးထားပြီးဖြစ်ပါကြောင်း။

 

၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို မဲစာရင်းတွင် ပါဝင်အောင် ကောက်ယူမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများကို ပုံစံများလည်းထုတ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးသည့် မဲဆန္ဒနယ်များတွင် အိမ်ထောင်စုအလိုက် မဲဆန္ဒစာရင်းကို ပြင်ဆင်ပြီး  ဖြစ်ပါကြောင်း၊ ကျန်သည့် မဲဆန္ဒရှင်စာရင်းများကို ၂၀၁၅ ခုနှစ်က  အက္ခရာအလိုက် ပြုစုထားသောကြောင့် အိမ်ထောင်စုစာရင်းများအလိုက် ပြန်လည် ပြုစုမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မဲစာရင်းပြုစုပြီးသည့် CD အခွေများကို သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို ပေးအပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ နိုင်ငံရေးပါတီများက ထို CD ချပ်များမှ မဲစာရင်းများကို စစ်ဆေးပြီး ထောက်ခံချက်များဖြင့် တင်လာပါက ထည့်သင့်၊ မသင့် စိစစ်၍ ထည့်ပေးမည်ဖြစ်ပါကြောင်း၊ အကျိုးအကြောင်းများကိုလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများကိုလည်း အကြောင်းပြန်သွားမည်ဖြစ်ပါကြောင်း။

 

မဲစာရင်းပြုစုပြီးပါက  မဲစာရင်းများကို ၂၀၂၀ ခုနှစ်တွင် နှစ်ကြိမ်ကပ်မည်ဖြစ်ပါ ကြောင်း၊ ထိုအခါတွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များကလည်း လာရောက်ကြည့်ရှု၍ ဖြည့်စွက်ချက်များ၊ တောင်းဆိုချက်များ၊ ပြင်ဆင်ချက်များကိုလည်း ပြုလုပ်နိုင်ပါကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်လောင်းများ  အမည်စာရင်းကြေညာပြီးနောက်တွင်လည်း  ကိုယ်စားလှယ်လောင်းများကို မိမိတို့၏ မဲဆန္ဒနယ်များတွင် သွားရောက်စည်း ရုံးသည့်အခါ မဲဆန္ဒရှင် စာရင်းများကို စိစစ်နိုင်အောင်ပြုစုထားသည့် CD အခွေများကိုလည်း ပေးဝေသွားရန် စီစဉ်ထားရှိပါကြောင်း၊ ထိုအခါတွင်လည်း သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများက စိစစ်၍ ထောက်ခံတင်ပြလာပါကလည်း စိစစ်၍ ထည့်သွင်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မေးခွန်းရှင် မျှော်ထားသည့် ပိုမိုတိကျမှန်ကန်သည့်  မဲစာရင်းဖြစ်လာလိမ့်မည်ဟု ယူဆပါကြောင်း၊ ပွင့်လင်းမှုလည်း ရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဟင်္သာတ မဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၏ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဆက်သွယ်ရန် ဟင်္သာတ-လက်ပံတန်း(ဧရာဝတီမြစ်ကူးတံတား) တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတား၏ စီမံကိန်းခန့်မှန်းတန်ဖိုးမှာ ၂၀၁၂ ခုနှစ် အခြေခံဈေးနှုန်းများဖြင့် တွက်ချက်ထားမှုအရ အမေရိကန်ဒေါ်လာသန်း ၂၂၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံ၏ ဘတ်ဂျက်နှင့် တည်ဆောက်မည်ဆိုပါက မြန်မာကျပ်ငွေ ဘီလီယံ ၃၀ဝ ကျော်ခန့် အသုံးပြုရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ဘတ်ဂျက်အခြေအနေအရ တံတားတစ်စင်း တည်ဆောက်ရာတွင် တစ်ကြိမ်လျှင် ဦးစားပေးတံတားကြီးတစ်စင်းသာ တည်ဆောက်နိုင်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ ယခုအခါ အရှည် ၇၄၅၆ ပေရှိသည့် ဧရာဝတီတံတား (သရက်-အောင် လံ) တံတားကြီးကို စတင်တည်ဆောက်နေပြီ ဖြစ်ပါကြောင်း၊ ဟင်္သာတ တံတားကြီးကို  နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဆိုပါက ဧရာဝတီတံတား(သရက်-အောင် လံ) တည်ဆောက်ပြီးစီးသွားချိန်မှသာ ဧရာဝတီတံတား(ဟင်္သာတ)ကို စဉ်းစားနိုင်မည် ဖြစ်ပါကြောင်း၊  ဧရာဝတီတံတား (သရက်-အောင်လံ)၏ စီမံကိန်းခန့်မှန်းတန်ဖိုးမှာ ၉၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သောကြောင့် ရန်ပုံငွေအသုံးပြုမှုများပြားသည့်အတွက် သရက်-အောင်လံ တံတားကြီး ပြီးစီးအောင် ဦးစားပေးတည်ဆောက် သွားမည်ဖြစ်ပါကြောင်း။

 

ဧရာဝတီတံတား (သရက်-အောင်လံ)ပြီးစီးပါက ဧရာဝတီမြစ်ပေါ်တွင် တံတားကြီး ၂ စင်းတည်ဆောက်ရန် အစီအစဉ်ရှိပါကြောင်း၊ အဆိုပါ တံတား ၂ စင်းမှာ ဧရာဝတီတံတား (ဟင်္သာတ)နှင့် ဧရာဝတီတံတား(ကသာ-ပုလွေရွှေ)တို့ ဖြစ်ပါကြောင်း၊  အဆိုပါတံတားကြီး ၂ စင်းအနက် တံတားတစ်စင်းကို ဦးစားပေးရွေးချယ်ပြီး ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ပြီးစီးပါက ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ ဇလွန် မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၁၅ ချက်၊ ဥပဒေကြမ်းကော်မတီမှ ထပ်မံပြင်ဆင်ချက် ၉ ချက်နှင့် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက် ၂ ချက်တို့ကို တင်ပြသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။ 

 

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ပြင်ဆင်ချက် အချက် ၁၁ ချက်ကို လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသင့်ကြောင်းကို ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အဆိုတင်သွင်းသည်။    

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက် ၁၁ ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကကျသည့်  ကျေးလက်နေပြည်သူလူထု လူနေမှုဘဝမြှင့်တင်နိုင်ရန် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက်လမ်း၊ တံတားများ တည်ဆောက်အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက်  လိုအပ်ချက်များကို  ပိုမိုဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မောင်တော မဲဆန္ဒနယ်မှ ဦးလှထွန်းကျော်က လက်ရှိအခြေအနေတွင် ကျေးလက်ဒေသ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လာမည့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျေးရွာပေါင်း ၈၀ ရာခိုင်နှုန်းနှင့်  လူဦးရေပေါင်း ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းတံတားများကို အသုံးပြုနိုင်ရမည်ဆိုသည့် မဟာဗျူဟာရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သည်ကို မှတ်တမ်းများအရ သိရပါကြောင်း၊ ရည်မှန်းချက် ပြည့်မီစေရန်အတွက် လက်ရှိဘဏ္ဍာငွေခွဲဝေသုံးစွဲမှုသည် အလွန်နည်းပါးပြီး ပြည်ထောင်စု စုစုပေါင်းအသုံးစရိတ်၏၄ ရာခိုင်နှုန်းသာ ရှိသည့်အတွက် မဟာဗျူဟာ ရည်မှန်းချက် ပြည့်မီရန်အတွက် မမျှော်ရဲဘဲ ဖြစ်နေပါကြောင်း။

 

ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ မရှိမဖြစ် လိုအပ်နေသည့် လမ်းတံတား လိုအပ်ချက်ပြည့်မီစေရန် လာမည့် ဘဏ္ဍာနှစ်မှစ၍ ဘဏ္ဍာငွေပိုမိုတိုးမြှင့်တောင်းခံ ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနကို တောင်းဆိုပါကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ မရိုးနိုင်သည့် ရင်တွင်းစကား မှာ မီးလင်းရန် မဖြစ်နိုင်ပါက လမ်းတံတားများ ကောင်းမွန်အောင် လုပ်ပေးရန်နှင့် ထိုသို့လုပ်ပေးပါက နိုင်ငံတော်ကို  ကျေးဇူးတင်နေမည်ဟု အမြဲတမ်းကြားနေရသည့် ကျေးလက်နေပြည်သူများ၏ ရင်တွင်းစကားကို အကောင် အထည်ဖော်ပေးနိုင်ရေးအတွက်  အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်းက  လမ်းအဆင့်သတ်မှတ်ချက် Class (A)တွင် ၁၈ လမ်း ရှိသော်လည်း ကျေးရွာတစ်ရွာတည်းတွင် အသုံးပြုရ မည့်လမ်း ၁၄ လမ်းခန့် ပါဝင်နေပါကြောင်း၊ ထို့ကြောင့် လမ်း၏ အသုံးဝင်မှု အကျိုးပြုမှု အပေါ်တွင် မူတည်ပြီး လမ်းအဆင့်သတ်မှတ်ချက်ကို ခွဲခြားသင့်ပါကြောင်း၊ အသုံးဝင် အကျိုးပြုမှုအများဆုံး လမ်းများကိုသာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဆင့်အထိ ဆောင်ရွက်သင့်ပါကြောင်း၊ လူဦးရေနည်းပါးသည့်ကျေးရွာများကို စတုတ္ထဦးစားပေးအဆင့် ထားရှိဆောင်ရွက်သွားမည်ဆိုပါက အဆိုပါ ကျေးရွာများ လမ်းရရှိရန် လူဦးရေများအောင် ဦးစွာ လုပ်ရမည်ကဲ့သို့ ဖြစ်နေပါကြောင်း၊ အိမ်ခြေ လူဦးရေနည်းသော်လည်း အနိမ့်ဆုံး မြေသားလမ်း၊ မြေညီလမ်းအဖြစ် ကျေးရွာအားလုံးကို လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သင့်ပါကြောင်း။

 

အဆိုရှင် တင်ပြသကဲ့သို့ ကျေးလက်လမ်းတံတားများ တည်ဆောက်ခြင်းသည် လူနေမှုဘဝကို မြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးမဟာဗျူဟာ၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအောင်မြင်ရေး လိုအပ်ချက်များ ပိုမိုဖြည့်ဆည်းပေးပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးပါရန်  တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ယင်းအဆိုနှင့်စပ်လျဉ်း၍ ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ကျုံပျော် မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊  မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ မတ္တရာ မဲဆန္ဒနယ်မှ ဦးဇော်မင်းလွင်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ မိုးညို မဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်းနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကိုယ်စားလှယ် ၁၅ ဦး၏ ဆွေးနွေးချက်များတွင် အချက် ၁၁ ချက် တွေ့ရှိရပါကြောင်း၊ အများစု၏ ဆွေးနွေးချက်သည် ကျေးလက်လမ်းတံတားများအတွက် ဘတ်ဂျက်ရန်ပုံငွေ ပိုမိုချထားပေးရန်ဆိုသည့် အချက်က ပိုမိုများပြားပါကြောင်း၊ အရည်အသွေးကောင်းမွန်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆောင်ရွက်ရန်၊ ကျေးလက်လမ်းတံတားများ ရန်ပုံငွေ ရွေးချယ်သည့်အခါတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်ကို တွက်ချက်ပြီးမှသာ စီမံကိန်းကို ရွေးချယ်ရန်၊ Class A,B,C ရွေးချယ်ပုံနှင့် လမ်းနယ်အကျယ်ထားရှိသည်ကို ပြန်လည်သုံးသပ်ရန်၊ ကျေးလက်လမ်း ဦးစီးဌာနအနေဖြင့် ဝန်ထမ်းဦးရေနည်းပါးခြင်းကိစ္စ Core Rural Road Network, CRRN) လမ်းများကို ပြန်လည်သုံးသပ်ပေးရန်၊ ကျေးလက်လမ်း ဥပဒေအသစ် ပြန်လည်ရေးဆွဲပြဋ္ဌာန်းရန်၊ လမ်းတံတားများ၏ ခံနိုင်ဝန် ပြန်လည်သုံးသပ်ရေးဆွဲပေးရန်၊ ဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်းမှု အားနည်းသောကြောင့် အောက်ခြေမှ အဖြစ်အပျက်များကို တာဝန်ရှိသူများက သေချာသိစေရန် စသည့်တို့ကို ထောက်ပြသွား ပါကြောင်း။

 

မိမိဝန်ကြီးဌာနအနေဖြင့် အကြံပြုချက်များနှင့် ဝေဖန်ထောက်ပြချက်များကို မှတ်တမ်းတင်ထားမည်ဖြစ်ပါကြောင်း၊ ဌာနအတွင်းတွင်လည်း ပြန်လည်သုံးသပ်မည် ဖြစ်ပါကြောင်း၊ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း  ပြင်ဆင်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ပိုမိုပံ့ပိုးရရှိမည့် ရန်ပုံငွေများကို အလေအလွင့်မရှိ အသုံးပြုနိုင်ရန်အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများ၏ စစ်ဆေးကြပ်မတ်မှုများနှင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန် ထောက်ခံတင်ပြပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထား ရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုကို လွှတ်တော်က  အတည်ပြုကြောင်း ကြေညာသည်။          

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)