အိမ်မဲ ၂ မတ်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာ၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တောင်သူလယ်သမားကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၁၉ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖတ်ကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အားထားနေရသော စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေအများစုမှာ တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၁၁ ရာခိုင်နှုန်းခန့် မှီတင်းနေထိုင်ကြသော ဧရာဝတီတိုင်းဒေသကြီးသည်လည်း လယ်ယာကဏ္ဍဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည့် တောင်သူလယ်သမားများ အများစုနေထိုင်၍ နိုင်ငံ၏ဆန်အိုးကြီးဟု တင်စားရသည်အထိ နိုင်ငံ့စီးပွားရေးကို အသက်သွေးကြောသဖွယ် အထောက်အကူပြုလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ရည်ရွယ်ချက်အတိုင်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာစေရေးအတွက် ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်တို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံရသည့် လယ်ယာမြေများကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မူလပိုင်ရှင် တောင်သူလယ်သမားများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီကိုဖွဲ့စည်း၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မတီအဆင့်ဆင့်ဖြင့် အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်မှုရလဒ်အနေဖြင့် ယနေ့တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ တောင်သူ(၃၅၅)ဦးအတွက် ပြန်လည်စွန့်လွှတ်သည့် စိုက်ပျိုးမြေဧရိယာ ဧက(၁၄၁၀)ကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။
ထို့ပြင် လုပ်ကွက်ငယ်တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော မြေများ တရားဝင်ပိုင်ဆိုင်နိုင်ရေး၊ လယ်ယာမဲ့ တောင်သူလယ်သမားများအနေဖြင့် အမှန်လုပ်ကိုင်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် လွယ်ကူစွာရရှိရေး၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများအတွက် လက်ရှိ အသုံးပြုထားသည့် မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် ခွင့်ပြုချထားခြင်းမပြုစေရေး ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူဖြစ်စေရန် သင့်တင့်သော ချေးငွေများ အကူအညီပေးရေး၊ လယ်ယာထွက်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသောဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိရေး၊ နည်းပညာသွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေစေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှုများအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် လုပ်ကွက်ငယ်တောင်သူ လယ်သမားများအကျိုးငှာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်က တောင်သူလယ်သမားများကို မိမိဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သီးနှံများကို စိုက်ပျိုးခွင့်ပေးထားပြီးဖြစ်သကဲ့သို့ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို အစဉ်တစိုက်လေ့လာပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပဈေးကွက်တွင် မငြိမ်မသက်ဖြစ်နေသော မတ်ပဲနှင့်ပဲမျိုးစုံ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊ အလားအလာရှိမည့် အမယ်သစ်ပို့ကုန်များ ပေါ်ထွက်လာစေရေး၊ အစိုးရအချင်းချင်းညှိနှိုင်း၍ ရောင်းဝယ်သည့်အစီအစဉ်များ ပေါ်ပေါက်လာစေရေးအတွက် ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက် နေရာရရှိရေးအတွက် ယခင်က ကုန်ကြမ်းအနေဖြင့် တင်ပို့ရောင်းချခဲ့သည့် အနေအထားမှ တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေး အဆင့်မြင့်နည်းပညာများနှင့် ခေတ်မီထုပ်ပိုး ပြုပြင်စက်များဖြင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းမွန်ရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် လယ်ယာသီးနှံများ၏ အရည်အသွေး ကောင်းမွန်ရေး၊ ဓါတ်ကြွင်းအာနိသင်များ ကင်းစင်ရေးနှင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျှော့ချရေးနည်းပညာများ စသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရေးဆွဲထုတ်ပြန် ပညာပေးပြသဆောင်ရွက်လျက်ရှိပြီး GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြင့် ပြည်သူများ၏ အစားအစာလုံခြုံစိတ်ချရမှုရှိရေး (Food Safety)အတွက် အခြေခံအုတ်မြစ်ကောင်းများကို အခိုင်အမာ တည်ဆောက်ပေးလျက်ရှိပါကြောင်း။
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ခေတ်မီ စိုက်ပျိုးနည်းပညာများ တောင်သူများလက်ဝယ်သို့ အလွယ်တကူရောက်ရှိရေး ပညာပေးလုပ်ငန်းအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ သတင်းအချက် အလက်များဖြစ်သည့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တောင်သူလယ်သမားကြီးများ သိရှိအသုံးချနိုင်ရေးအတွက် “တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel)” အစီအစဉ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် သဘာဝကပေးသော ရာသီဥတုအခြေအနေကောင်းများဖြင့် ပြည့်စုံလျက်ရှိသော ဒေသဖြစ်ပါကြောင်း၊ ထိုအခြေအနေကောင်းကို ရိုးသားဖြူစင်၍ အလုပ်ကြိုးစားကြသည့် တောင်သူလယ်သမားများ၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းလည်း ဖြစ်ပါကြောင်း။
ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသား အားလုံးအနေဖြင့် ရေရှည်အမျိုးသားအကျိုးစီးပွားအတွက် အစိုးရနှင့်ပြည်သူအတူ တကွ လက်တွဲကာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးနှင့် အခက်အခဲမှန်သမျှကို နည်းပညာ၊ အရင်းအနှီးနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ဖြင့် တက်ညီလက်ညီ ကျော်လွှား၍ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်ချီတက်ကြပါစို့ဟု အလေးအနက်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့ကြသည့် ထူးချွန်တောင်သူ ဦးတင်အောင်သန်း၊ ဦးတင်စိုး၊ ဦးရွှေပွား၊ ဦးအုန်းကျော်နှင့် ဦးနေစိုးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ထူးချွန်တောင်သူများ၊ ထူးချွန်ဝန်ထမ်းများနှင့် ဟင်္သာတခရိုင်အတွင်း ပြောင်းသီးနှံစိုက်ခင်းများတွင် ငမြှောင်တောင်ဖျက်ပိုးသစ်ကျ ရောက်မှုအပေါ် ကောင်းကင်ဆေးဖျန်းစက်များဖြင့် ဆေးဖျန်းပံ့ပိုး ကူညီခဲ့သော Advanced Agricultural Engineering (AAE) ကုမ္ပဏီတို့အား ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပန်းတနော်မြို့နယ်အတွင်း ယုဇနကုမ္ပဏီမှ ထပ်မံစွန့်လွှတ်သည့် (၆၃၆)ဧကကို တောင်သူ(၁၀၃)ဦး ကိုယ်စားတောင်သူ တစ်ဦးထံသို့လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မြောင်းမြမြို့နယ်အတွင်း ခလရ(၉၃)မှ ပြန်လည်စွန့်လွှတ်သည့် (၂၀၉)ဧကကို တောင်သူ (၆၆)ဦးကိုယ်စား တောင်သူတစ်ဦးကိုလည်းကောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကြံခင်းမြို့နယ်အတွင်း မက်သနော စက်ရုံမှ ပြန်လည်စွန့်လွှတ်သည့် (၄၈၁)ဧကကို တောင်သူ(၁၅၇) ဦးကိုယ်စား တောင်သူ တစ်ဦးထံသို့လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေကြည်မြို့နယ်အတွင်း ခလရ(၃၆)မှ ပြန်လည်စွန့်လွှတ်သည့် (၈၄)ဧကကို တောင်သူ(၂၉)ဦးကိုယ်စား တောင်သူ တစ်ဦးထံသို့လည်းကောင်း လုပ်ပိုင်ခွင့်ပြုလက်မှတ်များကို ပေးအပ်ကြသည်။
ထို့နောက် မြေယာလုပ်ပိုင်ခွင့် ပြန်လည်ရရှိကြသည့် တောင်သူများကိုယ်စား တောင်သူ ဦးထွန်းထွန်းဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ထူးချွန်ဆုရရှိ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် တောင်သူလယ်သမားနေ့ အခမ်းအနား၌ ခင်းကျင်းပြသထားသည့် လယ်ယာထွက်ကုန်၊ စက်မှုလယ်ယာ၊ နည်းပညာအသိပညာပေး ပြခန်းများနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် တောင်သူလယ်သမား နေ့အခမ်းအနားသို့ တောင်သူလယ်သမား (၃၀ဝ၀)ခန့် တက်ရောက်ကြပြီး ပြခန်းပေါင်း(၅၅)ခန်း ကို ခင်းကျင်း ပြသထားကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ Yacht Club Hotel သို့ ရောက်ရှိကြပြီး ချစ်သူများကျွန်း၊ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် i-Green Project အိမ်ရာသို့ ရောက်ရှိကြရာ i-Green Development & Engineering Group မှ တာဝန်ရှိသူများ က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ရာတွင် စီမံကိန်းကာလတွင် သာမက စီမံကိန်းပြီးဆုံးပြီးနောက် ရေရှည်ကာလအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားသွားရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် လိုအပ်သောရေရရှိရန် မြေအနေအထားပေးမှုအပေါ် မူတည်၍ လျှိုပိတ်၊ မြောင် ပိတ်တမံများ ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်လာမည့် ခရီးသွားလုပ်ငန်းအတွက် မျှော်မှန်း၍ ပုသိမ်-ငွေဆောင်/ ချောင်းသာ ကားလမ်းအား အဆင့်မြင့်တင်သွားရန်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် အမှိုက်စွန့်ပစ်မှု စနစ်တကျဖြစ် စေရေးစီမံကြီးကြပ်ဆောင်ရွက်ရန်၊ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ကျေနပ်သည့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ငွေဆောင် နှင့်ချောင်းသာ ဟိုတယ်ဇုန်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိရေး စီမံဆောင်ရွက်ရန်၊ i-Green Project အိမ်ရာစီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဇုန်အလိုက်တာဝန်ရှိသော လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားပြီး i-Green Project အိမ်ရာ တည်ဆောက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ငွေဆောင်ကမ်းခြေသည် ပုသိမ်မြို့၏ အနောက်ဘက် (၂၉) မိုင် (၄)ဖာလုံ အကွာ၌ တည်ရှိပြီး နှစ်စဉ် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် (၁၇၆၈၇၉) ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


