ဟားခါး ၂၉ ဧပြီ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ လမ်းဦးစီးဌာနရိပ်သာ၌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထန်တလန်မြို့ ရေပေးဝေရေးအတွက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ ရေရရှိရေးအတွက် အသုံးပြုမည့် ဘဏ္ဍာငွေ လျာထားမှု အခြေ အနေ၊ Feasibility Survey တိုင်းတာလေ့လာခဲ့သည့် ပိုက်လမ်းကြောင်း အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စီမံကိန်းများ တင်ပြရာတွင် အနီးစပ်ဆုံး ခန့်မှန်းခြေ စာရင်းများကို သေချာစွာ တွက်ချက်၍ တင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှု မရှိစေရန် နည်းလမ်းများ ကြံဆ၍ မြန်ဆန်စွာ ဆောင်ရွက်သွားရန် လိုအပ်ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထု အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ထန်တလန်မြို့ ရေရှိရေးလုပ်ငန်းအား ခွေဗားချောင်းနှင့် မွာလ်ရွာလ်ချောင်းရေ ထွက်များမှ ရေသွယ်ရေးဆောင်ရွက်နိုင်ပါက တစ်မိနစ် ၁၃၀ ဂါလံနှုန်းဖြင့် တစ်နေ့လျှင် ၁၈၇၂၀ဝ ဂါလံ ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိလူဦးရေ ၈၈၈၅ ဦးအား တစ်နေ့လျှင် ၂၁ ဂါလံနှုန်းဖြင့် (လက်ရှိရေထွက်များမပါ) ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးပေါင်လိုမင်းထန်က အစိုးရနည်းပညာ အထက်တန်းကျောင်း (ထန်တလန်) ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသတွင်း လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး အခြေအနေများကို တင်ပြကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး ထန်တလန်မြို့နယ်အတွင်း ရေရရှိခြင်း မရှိသေးသည့် ဟိုတယ်ဇုန်နှင့် ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ရေပိုက်နှင့်ဂါလံ (၁၀ဝ၀ဝ)ဆန့် ရေကန်တည်ဆောက်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် သိန်း ၅၁၀ ထောက်ပံ့ပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့နယ် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာခွန်စောထွန်းက ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါ တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ပရောဂျက် မန်နေဂျာ ဦးတင်ထွန်းအောင်က တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဆေးရုံဆောက်လုပ်ရန် မြေအသုံးချရာတွင် ရေရှည်မျှော်မှန်း၍ စီမံဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာနှင့် ဆေးရုံအတွင်း လမ်းဖောက်လုပ်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့ ဟိုတယ်ဇုန်အတွင်း တည်ဆောက်နေသည့် Thantlang Hill Resort စီမံကိန်း သို့ သွားရောက်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတအား Tint Tint Travels & Tours Co.Ltd မှဒေါ်တင့်တင့်လွင်က စီမံကိန်းဆောက်ရွက်နေမှု အခြေအနေ၊ ထန်တလန်မြို့ဝန်းကျင်တွင် ခရီးစဉ်အသစ်များ ဖော်ထုတ်နေမှု အခြေအနေ၊ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စီမံကိန်းတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီး ရရှိရေးတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ညွန်ကြားရေးမှူးချုပ် ဦးချစ်တိုး၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့က ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များအား ရှင်းလင်းဖြေကြားရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆိုပါ စီမံကိန်းဆောက်လုပ်နေသည့် မြေနေရာသည် ၁၁ ဧကကျယ်ဝန်းပြီး ခရီးသွား ပြည်သူများအေးချမ်းစွာ လာရောက်အပန်းဖြေနိုင်စေရန် ခရီးသွားရာသီအမှီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ထန်တလန်မြို့နယ် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်မည့် အခြေအနေ၊ တည်ဆောက်မှု ပြီးစီးပါက ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့ View Point မှ ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ဟားခါး - ထန်တလန် - ဆာဆီချောက်လမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ထန်တလန်-လုံလဲလမ်း (ထန်တလန်မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းရန် လျာထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဟားခါး နည်းပညာကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးလျန်ဇခုပ်က လက်ရှိကောလိပ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များကို တတ်နိုင်သမျှ ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဟားခါးကောလိပ်ဝင်းအတွင်းရှိ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ အဆောက်အဦအထူးအဖွဲ့(၉) ရှင်းလင်းဆောင်၌ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကောလိပ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးလုပ်ငန်းနှင့် စာကြည့်တိုက် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့ရှိ သားဖွားသင်တန်းကျောင်း ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက လက်ရှိ သင်တန်းကျောင်းနှင့် သင်တန်းသူ အိပ်ဆောင် ဆောက်လုပ်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ၊ သင်တန်းကျောင်းအတွင်း ဆက်စပ်လုပ်ငန်းများဖြစ်သော မြေတူးခြင်း၊ ကျောက်ချော လမ်းခင်းခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များနှင့် လိုအပ်လျက်ရှိသည့် ရေနှင့် လျှပ်စစ်မီး ရရှိရေးတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ဘက်စုံသုံးသဘာဝဘေးဒဏ် ခိုလှုံရာ အဆောက်အအုံ (Cyclone Shelter) ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ စံချိန်စံညွန်းကိုက်ညီပြီး အရည်အသွေး ပြည့်ဝသည့် အဆောက်အဦဖြစ်စေရေး အလေးထားဆောက်လုပ်ရန် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက် ရေးအဖွဲ့(၂)၊ အဆောက် အဦအထူးအဖွဲ့(၆)မှ တည်ဆောက်နေသည့် ချင်းပြည်နယ် တရားလွှတ်တော် RC (၃) ထပ်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် မြေပြုပြင်ပြီးမှုအခြေအနေ၊ မြေသားလမ်းသစ် ဖောက်လုပ်မည့် အခြေအနေ၊ ရေနှင့် လျှပ်စစ်မီး ရရှိစေရန် ဆောင်ရွက်ထားမှု အခြေအနေ၊ အရည်အသွေးပြည့်မီသည့် အဆောက်အဦများ ဖြစ်စေရန် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဟားခါးနှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် Dr.စတီးဗန်လျန်ဟုပ်လင်းက ဆုတောင်း စကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
အဆိုပါ အားကစားနှင့် ကာယပညာသိပ္ပံ( ဟားခါး) ကို ဟားခါးမြို့ မြောက်ဖက် တစ်မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၃၀ ပေအမြင့်ရှိ ဟိုင်တလန် ရေကူးကန်အနီး (၅၆ ဒသမ ၉၄) ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်မှု ပြီးစီးပါက ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို စသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ခုတင် ၂၀ဝ ဆံ့ ဟားခါးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို လှည့်လည် ကြည့်ရှုပြီး ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဟားခါးပြည်သူ့ဆေးရုံကြီးတွင် တိုးချဲ့ဆောက်လုပ်နေသည့် ဓာတ်မှန် န်းပါ (၂)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)


