ရန်ကုန် ၅ မတ် 


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့တွင်  မတ် (၆) ရက်မှ (၁၄) ရက်အထိ ကျင်းပမည့် (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲနှင့် စင်ကာပူနိုင်ငံတွင် မတ် (၈) ရက်မှ (၁၇) ရက်အထိ ကျင်းပမည့် ပထမအကြိမ် အာရှလူငယ် အားကစား ခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်မည့် အားကစား အဖွဲ့ဝင်များအား  တွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

1


ရှေးဦးစွာ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပထမအကြိမ် အာရှလူငယ် အားကစားခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ 


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခုသွားရောက်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားသမားအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွနိုင်လိုစိတ်အပြင် မိမိ၏ စဉ်းစားတွေးခေါ် ဖြတ်ထိုးဉာဏ်ဖြင့် ကစားရသော စစ်တုရင် အားကစားနည်းဖြစ်ရာ မိမိတို့၏ အားကစားနည်းပုံရိပ်ကို နိုင်ငံအလယ်တွင် မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ လိုအပ်သည့်ပံ့ပိုးမှုများကို ကူညီသွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် အာရှလူငယ် အားကစား ခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်မည့် B.Sc Sports မှ သင်တန်းသား/ သူများလည်း နေ့စဉ်သင်တန်းပို့ချမှုများအား ဗီဒီယိုမှတ်တမ်း တင်အပ်ရန် လိုအပ်ပါကြောင်း၊ အားနည်းချက်၊ အားသာချက်များ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲ တိုးတက်အောင်မြင်မှုများရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သွားရောက်စခန်းသွင်းသည့် အခါတွင် ဝတ်စားဆင်ယင်မှုပိုင်းကိုလည်း သတိချပ်၍ မိမိတို့၏နိုင်ငံ ဂုဏ်တင့်တယ်အောင် သေသပ်စွာ ဝတ်ဆင်စေလိုပါကြောင်း၊ အခက်အခဲရှိပါက မြန်မာသံရုံးများနှင့် ချိတ်ဆက်ပြီး အကူအညီရယူသွားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)