နေပြည်တော် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နယ်စပ် ရေကြီးရေလျှံမှု ကာကွယ် နိုင်ရေးအတွက် မယ်ဆိုင်ချောင်း တစ်လျှောက် တူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ လမ်းဦးစီး ရိပ်သာအစည်းအဝေး ခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တာချီလိတ်ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ရှိ တာချီလိတ်မြို့တွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေအနေ၊ ရေကြီးရေလျှံမှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ရေထိန်းတမံနှင့် ရေထိန်း တံခါးလုပ်ငန်းများ၊ မယ်ဆိုင်ချောင်း သဲ၊ နုန်းဆယ်ယူမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဌာနအလိုက် ရှင်းလင်းတင်ပြ ကြပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးများ က ပုန်းထွန်ရပ်ကွက်ရှိ ပေ ၁၄၂၀ ရှိသည့် ကွန်ကရစ် ရေထိန်းနံရံ ဆောင်ရွက်ထားသည့် အစီအစဉ်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၁) အနီးရှိ ကွန်ကရစ်‌ ရေထိန်းနံရံလုပ်ငန်း၊ စည်ပင် သာယာရေးဌာနမှ မယ်ခေါင် ရေထိန်းတံခါး ဆောင်ရွက်နေမှု လုပ်ငန်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၂)အနီးရှိ ရန်အောင်မြေ ရေထိန်းတံခါး ဆောင်ရွက်နေမှု လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်