နေပြည်တော် ၆ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim တို့သည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - မလေးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံမှုနှင့် အခွင့်အလမ်းများရှိသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေး၊ မလေးရှားနိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်အပါအဝင် မြန်မာ့ထုတ်ကုန်များ မလေးရှားနိုင်ငံ ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်အောင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)


