နေပြည်တော် အောက်တိုဘာ ၁၇

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟဲနန်ပြည်နယ်ကျန်းကျိုးမြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်အတွက် စားရေရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးဆိုင်ရာ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်ခဲ့သည်။

 

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်း တွင် အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun နှင့် လည်းကောင်း၊ ဟဲနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Li Zhou နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ သုတေသနပြုထုတ်လုပ်နိုင်ရေး၊ မြန်မာနိုင်ငံတွင် အဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးပြုနိုင်သည့် လယ်ယာသုံး စက်ကိရိယာများထုတ်လုပ်၍ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ဆည်မြောင်းနှင့် ရေပေးဝေမှုနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာဆိုင်ရာ နည်းပညာများ၊ စိုက်ပျိုးရေးနည်းပညာများ ပူးပေါင်းဖလှယ်မှု အစီအစဉ်အရ နည်းပညာဆွေးနွေး ပွဲများ၊ သင်တန်းများ ပိုမိုပို့ချပေးနိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ် ကဏ္ဍများနှင့် ပတ်သက်သည့် ဘာသာရပ်များတွင် ဒီပလိုမာနှင့် ဘွဲ့လွန်ဒီဂရီ ပညာသင်ဆုများ ဆည်းပူးနိုင်ရေး ပိုမိုဆောင်ရွက်ပေးရန် ကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ 

 

ညနေပိုင်းတွင် ဟဲနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် အမြဲတမ်း ကော်မတီဥက္ကဋ္ဌက တက်ရောက် လာသော အာဆီယံနိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီကော်မတီ အတွင်းရေးမှူး တည်းခင်းဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။

 

ဒုတိယဝန်ကြီး သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် စားရေ ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးဆိုင်ရာ ညီလာခံကျင်းပမည့် Zhengzhou International Convention and Exhibition Center ၌ ခင်းကျင်းပြသထားသော ပြခန်းများအား လေ့လာပြီး ညီလာခံတွင် အမှာစကားပြောကြားရာတွင် “ဒစ်ဂျစ်တယ်နည်းပညာဖြင့် စားရေရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုဖြင့် ဒေသတွင်းတိုးတက်မှု” ဟူသည့် ခေါင်းစဉ်ဖြင့်ကျင်းပသည့် ယနေ့ညီလာခံသည် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု သည့် အာဆီယံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန် မဏ္ဍိုင်သုံးခုဖြစ်သည့် (က) မူဝါဒဆိုင်ရာဆွေးနွေး မှုနှင့် နည်းပညာဖလှယ်ခြင်း၊ (ခ) ပူးပေါင်းဆန်းသစ်တီထွင်မှု သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) စျေးကွက်ပေါင်းစည်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးတို့အပေါ် အလေးထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အခြေခံကောင်းနှင့် စိုက်ပျိုးနည်းပညာ တီထွင် ဆန်းသစ်မှုများ ရှိသော ဟဲနန်ပြည်နယ်သည် ပူးပေါင်းဆောင်ရွက်မှုများအတွက်ဒေသကောင်း၊ နေရာကောင်း တစ်ခုလည်း ဖြစ်ပါကြောင်း၊ ခေတ်မီစနစ်ကျသည့် စိုက်ပျိုးရေးကို မြှင့်တင်ဆောင် ရွက်ရာတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပါကြောင်း၊ ဒေသအလိုက်ကိုက်ညီဆီလျော်အောင် စားရေရိက္ခာ ဖူလုံရေးအတွက် ဖြေရှင်းသည့် နည်းလမ်းများကို အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား ပူးပေါင်းကြိုးပမ်းမှုများအတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် Seminar on ASEAN- China (Henan) Smart Agriculture Development Exchanges သို့ ပါဝင်တက်ရောက်ပြီး ကျန်းကျိုး မြို့ မြို့တော်ဝန်နှင့်တွေ့ဆုံ၍ ညစာ စားပွဲအခမ်းအနားသို့ တက် ရောက်သည်။

 

အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယဝန်ကြီးသည် ဟဲနန် ပြည်နယ် ချင်းရှန့် (Xinxing) မြို့ရှိ ဟဲနန် စိုက်ပျိုးရေးနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့ပိုင် Central-China Agricultural Valley ရှိ သုတေသန ဆောင်ရွက်မှုလုပ်ငန်းများနှင့် မှန်လုံအိမ်အတွင်း စိုက်ပျိုးထားသော သုတေသနစိုက်ခင်း များကို လေ့လာကြည့်ရှုခဲ့သည်။ သုတေသနစင်တာတွင် အဓိကလုပ်ငန်းရှစ်ခုဖြစ်သော နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ မှို၊ ပန်းမန်များ၊ တိုင်းရင်းဆေးဖက် ဝင်အပင်များ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် ရေထွက်ကုန် မွေးမြူရေးလုပ်ငန်းများအား သုတေ သနပြု ဆောင်ရွက်လျက်ရှိပြီး ဂျုံနှင့် ပဲပုပ်သီးနှံဖွံ့ဖြိုးတိုးတက်ရေးအား အဓိကသုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ထို့နောက် ကျန်းကျိုးမြို့ရှိ ဆန်ကွမ်း (Sanquan) အစားအသောက် ထုတ်လုပ်မှုကုမ္ပဏီတွင် အစားအသောက်များ ထုတ်လုပ်နေမှုနှင့် သုတေသနဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ပြီး အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် မြစ်ဝါမြစ်မှ ကျန်းကျိုးဒေသအတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေခြင်း လုပ်ငန်းစီမံဆောင်ရွက်ထားမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်