နေပြည်တော် ၂ မတ်

မောင်တောဒေသရှိ Asia  World  Co.,Ltd  မှ UEHRD ၏ အစီစဉ်ဖြင့် ကွန်ကရစ်လမ်း ဖောက်လုပ်နေသော အငူမော် - မောင်တောလမ်းအား ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မေယုတောင်ကျော်လမ်းဖြစ်သော ကျောက်ပန္ဒူ - အင်းဒင်း - စေတီပြင်လမ်းကို လမ်းအထူးအဖွဲ့(၁၇)မှ ဖောက်လုပ်ပြီးစီးနေမှုများ၊ မိုင်တိုင်အမှတ် ဝ/၂ နှင့် ဝ/၃ ကြားရှိ အရှည်ပေ ၉၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း၊ မိုင်တိုင်အမှတ် ၁/၂ အနီး အကျယ် ၁၈ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် ၇/၅ အနီး အရှည်ပေ ၁၀ဝ ရှိ သံကူကွန်ကရစ် တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာ၌ လုပ်ငန်းအရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် စေတီပြင်စခန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ လမ်းအထူးအဖွဲ့(၁၇)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်တို့က လမ်းဖောက်လုပ် ပြီးစီးနေမှု၊ ကွန်ကရစ်လမ်းခင်းမည့် အစီအစဉ်များ၊ ယင်းလမ်းပေါ်ရှိ တံတားများ တည်ဆောက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လက်ရှိလမ်းသည် မေယုတောင်ကျော် ဖောက်လုပ်သော လမ်းပိုင်းဖြစ်နေ၍ တောဆင်ရိုင်းများ၏ အန္တရာယ်ကိုလည်း အထူးဂရုစိုက်ကြရန် မှာကြားသည်။

ကျောက်ပန္ဒူ - အင်းဒင်း - စေတီပြင်လမ်းသည် (၁၀)မိုင်နှင့်(၇)ဖာလုံရှိပြီး ယခုအခါ ကျောက်ခင်းခြင်း (၉)မိုင်၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း (၂) မိုင် (၄) ဖာလုံ၊ Box  Culvert (၇)စင်းနှင့် တံတား(၂)စင်း ပြီးစီးနေပြီးကျန် တံတားများကို ယာယီဘေလီတံတားများဖြင့် မိုးတွင်းသွားလာနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ဘူးသီးတောင် - သပိတ်တောင် - ညောင်ချောင်း - စေတီပြင် - အငူမော်လမ်း (ညောင်ချောင်း - စေတီပြင်အပိုင်း)နှင့် ဥဒေါင်း - ညောင်ချောင်းလမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် (၆/ဝ - ၆/၁)ကြားနှင့် မိုင်တိုင်အမှတ် (၂/၃ - ၂/၄) ကြားတို့တွင် စက်ယန္တရားကြီးဖြင့် မြေသားလမ်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)

 

mdn