နေပြည်တော်  ၄  မတ် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် မတ်၂  ရက် ညနေပိုင်းတွင် ပုဏ္ဏားကျွန်း - ရသေ့ တောင်လမ်း မိုင် ၃/ဝ - ၃/၁ ကြားတွင် ၁၈ ပေ အကျယ် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ 

 

ဆက်လက်၍ မိုင်တိုင် ၆/ဝ အနီးရှိ ကွန်ကရစ်ဖျော်စက်ရုံ (Batching Plant) အား ကြည့်ရှုစစ်ဆေး ပြီး ကွန်ကရစ်ဖျော်ရာတွင် သတ်မှတ်ကျောက်အရွယ်အစားများ အတိုင်း အသုံး ပြုပြီး Mix Design အတိုင်း Ratio မှန်အောင် ဖျော်စပ်အသုံးပြုရန်နှင့် Q.C အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ကရစ် အရည်အသွေးများ ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။ 

 

ပုဏ္ဏားကျွန်း - ရသေ့တောင်လမ်းသည် (၂၂) မိုင် (၆) ဖာလုံရှိပြီး အမာခံလမ်း အမျိုးအစားဖြစ်ကာ ယခုဘဏ္ဍာနှစ်တွင် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် (၆) မိုင် (၆) ဖာလုံခင်းရန် လျာထားကြောင်း သိရသည်။ 

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မတ် ၃ ရက်တွင် မကြာမှီဖွင့်လှစ်မည့် စစ်တွေမြို့ ၊ လမ်းမတော် ရပ်ကွက်နှင့် ဆက်ရိုးကျကျေးရွာအား ဆက်သွယ်တည်ဆောက်နေသော ဆက်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတားခံနိုင်ဝန် စစ်ဆေးမှု ပြီးစီးပြီးဖြစ်၍ ပြည်သူများအသုံးပြုနိုင်ရန် ကြိုတင်ဖြတ်သန်းခွင့်ပြုရန် မှာကြားသည်။ 

 

တံတားစီမံကိန်းသည် ယခုအခါ (၁၀ဝ ရာခိုင်နှုန်း) ပြီးစီးနေပြီး တံတားအရှည် (၁၆၄၂)ပေ နှင့် ယာဉ်သွားလမ်း (၂၄)ပေအကျယ်ရှိပြီး အပေါ်ထပ်သံမဏိသံပေါင်နှင့် အောက်ထပ်သံကူ ကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါတံတားစီမံကိန်းနှင့် ဆက်စပ်နေသော စစ်တွေ - မင်ဂံ - သင်္ဘောဆိပ်လမ်းအား (၂၄)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

2019625