နေပြည်တော် ၃ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် မတ် ၂ ရက်တွင် မောင်တောဒေသရှိ ပြန်လည်ဝင်ရောက်လာသူများ လက်ခံရာတွင် ကြားစခန်းအဖြစ် ဆောင်ရွက်မည့် လှဖိုးခေါင်စခန်း၌ ဖေဖော်ဝါရီ ၂၅ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ကြည့်ရှုစစ်ဆေးပြီး အမိုးပျက်စီးသော အဆောက်အဦ (၂)လုံး၊ ဘေးအကာနှင့်တံခါးရွက်ပျက်စီးမှု (၁၃၄)လုံးနှင့် အိမ်သာများပျက်စီးမှု (၆၆)လုံး စုစုပေါင်း (၂၀၂)လုံး ပျက်စီးခဲ့ရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပြန်လည်ပြင်ဆင်မည့်အစီအစဉ်များကို အသေးစိတ်မှာကြားသည်။
ထို့နောက် ၎င်းစခန်းတွင် ဆောက်လုပ်ထားသော Assemble Board House များ၏ အခြေအနေနှင့် တရုတ်နိုင်ငံမှ လှူဒါန်းထားသော Assemble Board House အလုံး(၁၀ဝ၀) သိုလှောင်ထားရှိမှုနှင့် ၎င်း Assemble Board House များ ဆောက်လုပ် မည့်နေရာနှင့် အစီအစဉ်များကို ညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းတောင်ရွာစခန်းတွင် UEHRD အစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိသော အိမ်ရာများနှင့် ဂျပန်နိုင်ငံမှ လှူဒါန်းဆောက်လုပ်နေသော အိမ်ရာ (၅၁)လုံး၏ ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ UEHRD အစီအစဉ်ဖြင့် စစ်ပိုင်မင်းကုမ္ပဏီမှ အလုံး(၃၀) ဆောက်လုပ်ရာ ၁၀ဝ ရာခိုင်နှုန်းပြီးစီး၊ မဟာစံကုမ္ပဏီမှ အလုံး(၇၀) ဆောက်လုပ်ရာ ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန ၊ လမ်းအထူးအဖွဲ့(၁၇)မှ တာဝန်ယူ ဖောက်လုပ်လျက်ရှိသော ကြိမ်ချောင်း - ဂုပ္ပိလမ်း(မေယုတောင်ကျော်လမ်း) မိုင် ဝ/၆ - ဝ/၇ ကြား တံတားအမှတ်(၁) ပေ(၅၀)အရှည် တံတားနှင့် မိုင် ၅/၆ - ၅/၇ ကြားရှိ တံတားအမှတ်(၄) ပေ(၅၀)အရှည် တံတားလုပ်ငန်းခွင်၊ မိုင် ၄/ဝအနီး လမ်းဖောက်လုပ်ပြီး စီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယခုဖောက် လုပ်နေသောလမ်းသည် မေယုတောင်ကျော်လမ်းဖြစ်၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေးသတိအမြဲရှိစွာဖြင့် ဆောင်ရွက်ကြရန် လုပ်ငန်းအရည်အသွေးများကိုလည်း ကောင်းမွန်ပြည့်မီစွာဆောင်ရွက်သွားကြရန်နှင့် မိုးမကျမီလုပ်ငန်းများပြီးစီးအောင်ဆောင် ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မောင်တော - ကျီးကန်းပြင် - ကြိမ်ချောင်း - ဗန္ဓုလ လမ်း မိုင် ၁၉ / ၂ - ၂၀ / ဝ ကြား မောင်တောခရိုင်မှ တာဝန်ယူ၍ (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကွန်ကရစ်လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားရန်နှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု အတိုင်း ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


