နေပြည်တော် နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ချောက်မြို့နယ်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ နယ်မြေအေးချမ်း သာယာရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်များအား ပညာရည်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ချောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ မြို့ပေါ် ကျောင်းများမှ ကျောင်းအုပ်ဆရာ ကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ လူငယ်များ ပညာရည်မြင့်မားရေး၊ အတတ်ပညာရှင်များသာမက အသိပညာ ဗဟုသုတပြည့်ဝပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့် အသိပညာ ပြည့်စုံသူများ၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်စေရေး၊ စာပေလေ့လာ ဖတ်ရှုပြီး အနာဂတ်နိုင်ငံတော်ကို အကျိုးပြုမည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် မိဘများ၊ ဆရာ ဆရာမများကလည်း ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လှူဒါန်းပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ချောက်မြို့ စက်မှုလက်မှု သိပ္ပံကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံ၍ ကျောင်းသားများအား ဘာသာရပ် ကျွမ်းကျင်သူများ ဖြစ်အောင် သင်ကြားပေးရေး မှာကြားသည်။
ယင်းနောက် ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများက လက်တွေ့ဆောင်ရွက်နေမှု၊ တီထွင်ဖန်တီးစမ်းသပ်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး အမှန်တကယ် တတ်မြောက်အောင် သင်ယူကြရန်၊ လေ့လာ ဆန်းသစ်တီထွင်မှုများဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် မှာကြားအားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းသည်။
ထို့နောက် အမှတ်(၁၀)ရပ်ကွက် အလင်းစေတမန် စာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီဝင်များ၊ စေတနာရှင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ရှင်သန်တိုးတက်ရေး ဆွေးနွေးမှာကြားပြီး စာကြည့်တိုက်အတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


