လော့စ်အိန်ဂျလိစ်  ဇူလိုင်   ၃၁

ဒယ်လ်တာလေကြောင်းလိုင်းမှ   လေယာဉ်တစ်စင်းသည် အမေရိကန်ပြည်ထောင်စု   မင်နီဆိုးတားပြည်နယ်  မင်နီယာပုလစ် စိန့်ပေါလ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ဇူလိုင် ၃၀ ရက်က အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု လေကြောင်းလိုင်းက ပြောသည်။

ပျံသန်းစဉ်အတွင်း သိသိသာသာတုန်ခါမှုများကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး ခရီးသည်  ၂၅ ဦး ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

ဒယ်လ်တာလေကြောင်းလိုင်းမှ ဒီအယ်လ် ၅၆ လေယာဉ်သည် အမေရိကန် ဆော့လိတ်ခ်စီးတီးမှ နယ်သာလန်နိုင်ငံ အမ်စတာဒမ်သို့   ဦးတည်ပျံသန်းစဉ်  လမ်းကြောင်းပြောင်းကာ  မင်နီယာပုလစ် စိန့်ပေါလ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒေသစံတော်ချိန် ည ၇  နာရီ ၄၅ မိနစ်က အောင်မြင်စွာ     ဆင်းသက်နိုင်ခဲ့သည်။

လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ၏  ကျန်းမာရေးအခြေအနေကို စစ်ဆေးရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများရောက်ရှိလာကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လေယာဉ်ပေါ်လိုက်ပါလာသူများအနက် ၂၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့ကြသူများကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဆင်ဟွာ